Local News

ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၈၀၅ သန်းခန့်ရရှိရန်လျာထား

Last Updated:

ယခုဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ  စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၀၅ သန်းခန့်ရရှိရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း  ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းတန်ချိန် ၅၂၂၅၆၅ တန် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၂၉ ဒသမ ၄၂၂ သန်းရရှိခဲ့ကာ ယခုဘဏ္ဍာနှစ်တွင် ပိုမိုတင်ပို့နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ ငါး၊ ပုစွန်မွေးမြူ ရေးလုပ်ငန်းရှင်များနှင့် ပြည်ပပို့ကုန်၊ သွင်း ကုန်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

“ဒီဘဏ္ဍာနှစ်မှာ ပြည်တွင်းကနေ ပြည်ပကို ရေထွက်ကုန်ပစ္စည်း စုစုပေါင်းအမေ ရိကန်ဒေါ်လာ ၈၀၅ သန်းလောက် တင်ပို့နိုင်အောင် စီစဉ်ဆောင်ရွက်မှာဖြစ်ပါတယ်။ အဓိကအားဖြင့် မွေးမြူရေးပုစွန်တင်ပို့မှုနဲ့ မွေးမြူရေးငါးတန်တင်ပို့မှုတွေကနေ ပို့ကုန်အတိုင်းအတာတစ်ခုအထိ တိုးတက်လာမယ်လို့ မျှော်မှန်းထားတဲ့အတွက်ကြောင့် အခုလို လျာထားဆောင်ရွက်တာဖြစ်ပါတယ်” ဟု ဦးညွန့်ဝင်းက ပြောသည်။

ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ရေထွက်ကုန်ပစ္စည်း တန်ချိန် ၇၇၂၄ တန် ပိုမိုတင်ပို့နိုင်ခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်တွင်  ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုပမာဏ ပိုမိုတိုးမြင့်လာစေရန် ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ ပြည်တွင်းမှထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ငါးအုပ်စု၊ ပုစွန်အုပ်စုနှင့် ငါး၊ ပုစွန် မဟုတ်သော တခြားရေထွက်ကုန်များ အုပ်စုဟူ၍ အဓိကအုပ်စုသုံးစုခွဲခြားကာ တင်ပို့လျက်ရှိပြီး လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးထက် ပုံမှန်ကုန်သွယ်ရေး နည်းလမ်းများကို ပိုမိုအားပြုကာ တင်ပို့နေရကြောင်း သိရသည်။

လက်ရှိ ပြည်တွင်းမှထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ အမေရိကန်၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများအပါအဝင် ပြည်ပနိုင်ငံပေါင်း ၄၀  ခန့်သို့  တင်ပို့လျက်ရှိပြီး  စုစုပေါင်း ရေထွက်ကုန်အမယ် ၃၀၀ ကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News