International News

၁၀ နှစ်ကြာ သိုလှောင်ခဲ့သော ဆန်တန်ချိန် ၁.၅ သိန်းအား ဘေးအန္တရာယ်ကင်းရှင်းပါက ထိုင်း အစိုးရက လေလံတင်ရောင်းချမည်

Last Updated:

ထိုင်းနိုင်ငံ၊ Surin ပြည်နယ်တွင် ဆယ်စုနှစ်တစ်ခုကြာ သိုလှောင်ထားသည့် ဆန်အိတ် ၁၅ဝ,ဝဝဝ ကို ဆေးသိပ္ပံဦးစီးဌာနက လူအများစားသုံးရန်လုံခြုံစိတ်ချရမှုရှိကြောင်း ကြေညာသည်နှင့်တစ်ပြိုင်နက် ပြည်သူများသို့ လေလံတင်ရောင်းချနိုင်ရေး ပြင်ဆင်ထားရန် ပြည်သူ့သိုလှောင်ရုံ အဖွဲ့အစည်း (PWO) သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Phumtham Wechayachai က ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆန်များကို ပုဂ္ဂလိကကုမ္ပဏီများ၏ ဦးဆောင်မှုဖြင့်  ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးခဲ့ပြီး သိုလှောင်ထားချိန်အတွင်း မီးခိုးမှိုင်း တိုက်မှုများမှ ဖြစ်ပေါ်လာနိုင်သော ကင်ဆာဖြစ်စေနိုင်သောဓာတုပစ္စည်းများနှင့် ဓာတုအကြွင်း အကျန်များ ကင်းရှင်းကြောင်းနှင့် ဆန်အရည်အသွေး၊ အာဟာရတန်ဖိုးတို့နှင့်ပတ်သက်၍ ဆေးသိပ္ပံဦးစီးဌာန၏ ရလဒ်များကို ဝန်ကြီးဌာနက စောင့်ဆိုင်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆန်လေလံတင်ရောင်းချမှုအတွက် ဆန်ဝယ်ယူရေးဆိုင်ရာလိုအပ်ချက်များတွင် ဆန်လေလံတင်ဒါအောင်မြင်သူသည် စာချုပ်ကိုစွန့်လွှတ်ခြင်း သို့မဟုတ် ပေးပို့ရန် နှောင့်နှေးခြင်းမရှိ စေရဆိုသည့်အချက်များကို PWO မှ ထည့်သွင်းဆောင်ရွက်သွားရန် Phumtham က ပြောကြားခဲသည်။ ဆန်လေလံတင်ဒါအောင်မြင်သူသည် သတ်မှတ်အချိန်ကာလအတွင်း ဆန်ဝယ်ယူမှုနှင့် စပ်လျဉ်းသည့် စာချုပ်ပါအချက်များကို လိုက်နာရန်ပျက်ကွက်ပါက တင်ဒါအသစ်ထပ်မံခေါ်ယူမှုမပြုပဲ ဒုတိယအမြင့်ဆုံးတင်ဒါအောင်မြင်သူအား စာချုပ်ကိုပေးအပ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးက ပြောကြားခဲ့သည်။ လေလံအောင်မြင်ရန် အလားအလာရှိသူများသည် ဆေးသိပ္ပံဌာန၏စစ်ဆေးမှုရလဒ်များကို စောင့်ဆိုင်းနေကြမည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်လည်း စမ်းသပ်မှုများ ပြုလုပ်ကြမည်ဟု ယုံကြည်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ဝန်ကြီးက ကာလကြာသိုလှောင်ထားသောဆန်ဟောင်းများသည် စားသုံးရန်လုံခြုံစိတ်ချရမှုရှိပြီး လွန်ခဲ့သောသီတင်းပတ်က မိမိမှာအဆိုပါဆန်များကိုစားသုံးခဲ့သော်လည်း မကောင်းသော အကျိုးသက်ရောက်မှုများကို ခံစားရမှုမရှိခဲ့ကြောင်းနှင့် ၎င်းဆန်ဟောင်းများကို တစ်ကီလိုဂရမ်လျှင် ၅ ဘတ်မျှသာရရှိနိုင်မည့် ဆန်ညံ့အဖြစ် လေလံတင်ရောင်းချခြင်းထက် ယခုကဲ့သို့ စားသုံးခြင်းက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ယခင်ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာ အစိုးရ၏ ဆန်အပေါင်ခံထားသည့်အစီအစဉ်အရပြုလုပ်ခဲ့သည့် လေလံပွဲများကို ရည်ညွှန်း ပြောကြားခဲ့ပါသည်။                                                   

Source: Thai PBS World, 20th May, 2024. (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News