International News

ထိုင်းပီလောပီနံ ပြည်ပတင်ပို့မှု လျော့ကျ

Last Updated:

          ထိုင်းနိုင်ငံ၏  လတ်ဆတ်သော ပီလောပီနံဥ ထွက်ရှိမှုသည် ယခုနှစ်တွင် တန်ချိန် ၃၆ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ ထိုင်းနိုင်ငံ၏ ပီလောပီနံနှင့် ပီလောပီနံထွက်ကုန်များ  တင်ပို့မှုမှာ ယမန်နှစ်တွင် တန်ချိန် ၁၁ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်း တန်ချိန် ၉ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ မိုးခေါင်ရေရှားမှုကြောင့် အထွက်နှုန်းလျော့ကျခဲ့သဖြင့် ပြည်ပတင်ပို့မှု လျော့ကျမည် ဖြစ်သည်။

          နိုင်ငံခြားကုန်သွယ်မှုဌာနမှ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က ထိုင်းပီလောပီနံနှင့် ပီလောပီနံထွက်ကုန်များ ဝယ်လိုအားမြင့်မားနေကြောင်း ပြောကြားခဲ့သည်။ဝယ်ယူသူများသည် ရရှိနိုင်သမျှ ပမာဏအားလုံးကို ဝယ်ယူရန် ဆန္ဒရှိသော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုသည် မိုးခေါင်ရေရှားမှု အခြေအနေကြောင့် အထွက်နှုန်း ထိခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ အချို့တောင်သူလယ်သမားများသည် ပီလောပီနံအစား ကြံ၊ ပြောင်းလဲစိုက်ပျိုးခြင်းကြောင့်လည်း ပီလောပီနံ အထွက်လျော့ကျသည်။

          လတ်လတ်ဆတ်ဆတ်ပီလောပီနံ ပေါက်ဈေးသည် တစ်ကီလိုလျှင် ၃ ဒသမ ၁၀ မှ ၃ ဒသမ ၅၅ ဘတ်အထိ ရှိသည်။ အစိုးရမှ အာမခံချက် ပေးထားသည့် ဈေးနှုန်း ၂ ဒသမ ၅၀ ထက် ဈေးပိုမြင့်သည်။ ယခုနှစ် ပထမငါးလအတွင်း ထိုင်းနိုင်ငံသည် ပီလောပီနံနှင့် ပီလောပီနံထွက်ကုန် တန်ချိန် ၄ ဒသမ ၇၃ သန်း တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရှိသည်။ ပီလောပီနံ အပြားခြောက် Free-on-board (FOB) စျေးနှုန်းသည် တစ်တန်လျှင် ကန်ဒေါ်လာ ၂၆၅ ရှိသည်။ ယမန်နှစ်ကထက် ၇% ဈေးကျသည်။ တရုတ်နိုင်ငံက အရက်ချက်ရန် ကုန်ကြမ်းအဖြစ် ဝယ်ယုမှု လျော့နည်းသွားသဖြင့် ဈေးကျခြင်း ဖြစ်သည်။ 

          ပီလောပီနံမှုန့် FOB စျေးနှုန်းမှာ  တစ်တန်လျှင် ကန်ဒေါ်လာ ၅၇၀ ဖြစ်သည်။ ယမန်နှစ်ကထက် ၅% ပိုများသည်။ ပီလောပီနံထွက်ကုန်များအတွက်တရုတ်နိုင်ငံသည်  ထိုင်းနိုင်ငံ၏ ထိပ်တန်းပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး တင်ပို့မှုစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းကို တရုတ်ပြည်သို့ တင်ပို့သည်။ ဂျပန်နိုင်ငံသို့ ၇% ၊ အင်ဒိုနီးရှားသို့ ၅%၊ တောင်ကိုရီးယားနိုင်ငံသို့ ၃% ၊ အခြားနိုင်ငံများသို့ ၂၀% တင်ပို့သည်။

Source: https://www.foodindustrydirectory.com.mm

Category: International News