Local News

ကျောက်ဆည်ခရိုင်၌ကြက်သွန်နီမျိုးစေ့စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးအခြေခံ၍ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်သီးနှံကို မြစ်သားမြို့နယ်တွင် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ ကြက်သွန်သီးနှံစိုက်ပျိုးရန် မျိုးစေ့အတွက် တောင်သူများမှ မျိုးစေ့ထုတ် ကြက်သွန်နီများကို သီးသန့်စိုက်ပျိုးကြပြီး ကြက်သွန်မျိုးစေ့ထုတ် စိုက်ပျိုးရန်အတွက် တစ်ဧကလျှင် မျိုးကောင်းမျိုးသန့် ဥချောမျိုး ပိဿာ ၆၀၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ထုတ် ကြက်သွန်နီဥများကို ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြ၍ စိုက်ပျိုးပြီး ၄ လအကြာ ဧပြီလတွင် မျိုးစေ့ (မျိုးနှံ) များကို စတင်ရိတ်သိမ်းရကြောင်း၊ ကြက်သွန်မျိုးစိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ၁,၅၀၀,၀၀၀-၂,၀၀၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ လက်ရှိအချိန်တွင် ကြက်သွန်နီမျိုးစေ့စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်အနေဖြင့် ကြက်သွန်နီမျိုးစေ့များကို စီးပွားဖြစ်ရောင်းချရန် စိုက်ပျိုးခြင်းမဟုတ်ဘဲ ဒေသတွင်း ကြက်သွန်နီ စိုက်ပျိုးတောင်သူများမှ မျိုးအတွက်သော်လည်းကောင်း၊ တောင်သူပွဲစားများမှ မျိုးပြန်လည်ရောင်းချရန်အတွက်သော်လည်းကောင်း လာရောက်ဝယ်ယူကြကြောင်း ကြက်သွန်နီမျိုးစေ့စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

Source: DOCA (မန္တလေး)

Source: https://commerce.gov.mm

Category: Local News