Local News

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် (၃) သိန်း (၆) သောင်းကျော်ထွက်ရှိခဲ့ပြီး တန်ချိန် (၂) သိန်းကျော်ပြည်ပတင်ပို့နိုင်ခဲ့

Last Updated:

          ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် (၃) သိန်း (၆) သောင်းကျော်ထွက်ရှိခဲ့ပြီး ပြည်ပသို့ ရော်ဘာတန်ချိန် (၂) သိန်းကျော် တင်ပို့ခဲ့ကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။ “အခုဆိုရင် မုတ်သုံမိုးက လာပြီဖြစ်တဲ့အတွက် ရော်ဘာထုတ်လုပ်မှုကို ရပ်ဆိုင်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ရော်ဘာဈေးက တတ်လိုက်ကျလိုက်ပဲ။ ရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာ ရော်ဘာစိုက်ပျိုးတာ၊ ခြံရှင်းတာ၊ အဆင့်မြှင့်တင်တာတွေ လုပ်ပါတယ်”ဟု ၎င်းကဆိုသည်။

          တစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ဧက ဆယ့်ခြောက်သိန်းကျော်ရှိပြီး ဧကရှစ်သိန်းကျော်မှ တစ်နှစ်လျှင် တန်ချိန် သုံးသိန်းကျော် ထုတ်လုပ်နေကြောင်းလည်း သိရသည်။ ပြည်တွင်း၌ ရော်ဘာကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ လက်ရှိ ရော်ဘာဈေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၈၀ ပေါက်ဈေးရှိကြောင်း သိရသည်။

          မြန်မာ့ရော်ဘာတင်ပို့မှုတွင် တရုတ်နိုင်ငံကို အဓိကတင်ပို့ပြီး တောင်ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့ထားပြီး ရော်ဘာပြည်ပတင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းကပါ တင်ပို့နေခြင်းဖြစ်ကြောင်းသိရသည်။

Source: Popular News Journal

Category: Local News