Local News

စျေးကွက်တွင် ဝယ်ယူသိုလှောင်သူများ များလာသည့် အတွက် ဆန်စျေး ဆက်တိုက်သလို မြင့်တက်နေ

Last Updated:

          စျေးတင်ရောင်းချ ရန် အတွက် အချို့ ဆန် ကုန်သည်များ မှ ဝယ်ယူသိုလှောင်သူများ ရှိနေသောကြောင့်ဆန်စျေး အမြင့်စျေးတွင် ဆက်ရှိနေကြောင်း ဆန်ဈေးကွက်ကနေ သိရသည်။ထို့အပြင်မုန်တိုင်းဖြစ်ပေါ်လာသည့်အပေါ် စိုးရိမ်စိတ် ဖြင့်ဆန်ဝယ်ယူစုဆောင်းနေကြသည့် စာသုံးသူများလည်းရှိသောကြောင့် ဆန်စျေးမှာ တစ်အိတ်လျှင် ဆန်အမျိုးစားပေါ်မူတည်ကာ ၃၀ ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်း အထိ မြင့်တက်လာကြောင်းသိရသည်။

       “ဆန်စျေးကတော့ အတက်စျေးနဲ့ပဲ ငြိမ်နေတာကြာပြီး၊ အဓိကက လှောင်လက်တွေများလာတယ်။ လူမှုကွန်ရက်တွေကနေပြီးတော့ လွဲမှားနေတဲ့သတင်းတွေနဲ့စျေးကို တက်အောင်လုပ်ပြီးမှ ထုတ်ရောင်းကြတာပါ။ ဝယ်နိုင်တဲ့လူတွေက မုန်တိုင်းကြောင့် စိုးရိမ်ပြီး လိုတာထပ်ပိုဝယ် ကြတော့ စျေးကမကျဘူးဖြစ်နေတာ။ ကျွန်တေ် သိရသလောက်တော့ စျေးကွက်မှာစပါး တွေလည်းလုံလောက်မှု ရှိတယ်“ဟု ဆန်ကုန်သည်တစ်ဦး ပြောသည်။

      ထို့အပြင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အချို့ဆန်စက်များ လည်ပတ်မှု အားနည်းလာခြင်းဖြစ်ကြောင်းစျေးကွက်သို့ ဆန်ဝင်ရောက်မှုနည်းနေခြင်းလည်း ဖြစ်ကြောင်းဆန်စက်လုပ်ငန်းရှင်များကဆိုသည်။ အဆိုပါဆန်အဝင်နည်းနေသည့် သတင်းများကြောင့် ရန်ကုန်လက်လီဈေးကွက် တွင် ပုံမှန်ထက် ဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သောင်းခွဲ ထိ မြင့်တက်သွား ကြောင်း ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်နေသူ အိမ်ရှင်မ ဒေါ်ကြည်ကပြောသည်။

       "ဆန်စျေးက ဆက်တိုက်သလို တက်လာတာ။တခါဝယ် တစ်ခါတက်နေတယ်။ အရင်က ရက်၉၀ ဆန်ကြမ်း ၇၂၀၀၀ ဝယ်ရတယ်။အခု ၈၄၀၀၀ ဖြစ်သွားတယ်" ဟု အိမ်ရှင်မ ဒေါ်ကြည်က ပြောသည်။ အဆိုပါဆန်ဈေးများမြင့်တက်နေမှုနှင့်ပတ်သတ်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စက်၊ ဆန်ကုန်သည်များနှင့် ဆန်အရောင်းဆိုင်များ ဆန်တန်ချိန် ၅၀၊ စပါးတင်း ၅၀၀၀ ထက်ပိုမိုသိုလှောင်မည်ဆိုပါက သိုလှောင်ရုံမှတ်ပုံတင် စနစ် ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောထားသည်။ ထိုကဲ့သို့ မှတ်ပုံတင်ခြင်းရှိ၊ မရှိကို ကြပ်မတ်သွားမည်ဖြစ်ပြီး၊ မှတ်ပုံမတင်ပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းလည်းသိရသည်

        လက်ရှိ ပြည်တွင်းဆန် ဖူလုံမှု၊ ပိုလျှံမှုကအမှန်တကယ်ရှိသောကြောင့် ပြည်သူများစိုးရိမ်ဖို့မလိုအပ်ကြောင်း၊ ပြည်သူတွေအနေဖြင့် ဆန်စပါး ဝယ်ယူစုဆောင်းခြင်းများ မလုပ်ကြရန်နှင့် လိုအပ်သည့် ပမာဏကိုသာ ဝယ်ကြရန် ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ပြည်တွင်းဆန်ဖူလုံမှုရှိမှသာ ပြည်ပသို့ဆန် တင်ပို့နေခြင်းဖြစ်ပြီး ယခု၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန်၂ ဒသမ ၅ သန်း တင်ပို့နိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ လာမည့် မိုးစပါးအတွက် အစေ့ချစနစ်ဖြင့် အများဆုံး စိုက်ပျိုး နေကြပြီးဖြစ် ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါးနှင့် နွေစပါး စိုက်ဧက ခန့်မှန်းခြေ ဧက ၁၆ သန်း ကျော် ထိ ထွက်ရှိကြောင်းသိရသည်။

(AMIA)

Source: https://t.me/htwettoe

Category: Local News