Local News

သံနှင့်သံမဏိလုပ်ငန်းများ ဒေါ်လာအစား ယွမ်ငွေပြောင်းသုံးပါက လိုင်စင်ဦးစားပေးချထားမည်

Last Updated:

      ပြည်တွင်းသို့ သံနှင့် သံမဏိ တင်သွင်းခြင်းကို ဒေါ်လာအစား ယွမ်ငွေ ပြောင်းလဲသုံးစွဲပါက လိုင်စင်ချထားပေးမှုကို ဦးစားပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းက အသိပေးထုတ်ပြန်ထားသည်။ ယခင်က သံနှင့်သံမဏိ တင်သွင်း၊ တင်ပို့ရာတွင် ဒေါ်လာတစ်မျိုးတည်းကိုသာသုံးစွဲခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာအစား တရုတ်ယွမ်ငွေကိုပါ သုံးစွဲရန် ကုန်သွယ်ရေးဦးစီးဌာနမှ မြန်မာနိုင်ငံ သံနှင့် သံမဏိ အသင်းထံသို့ အ ကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ ယခင်က သံနှင့် သံမဏိ လိုင်စင်ချထားပေးရာတွင် ဒေါ်လာကိုသာ သုံးစွဲခဲ့ကြသော်လည်း လက်ရှိတွင် ကုမ္ပဏီများအနေဖြင့် လက်ရှိလိုင်စင်တင်ထားသည့် ဒေါ်လာပမာဏနှင့် ညီမျှသည့် ယွမ်ငွေကို ပြောင်းလဲပြင်ဆင်ပြီး လိုင်စင်တင်နိုင်ကြောင်း မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းမှ ထုတ်ပြန်ထားသည်။မြန်မာနိုင်ငံအတွက် သံနှင့် သံမဏိလိုအပ်ချက်၏ (၉၂) ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းနေရပြီး နှစ်စဉ် သံ ၊ သံမဏိ အပါအဝင် ဆက်စပ်ပစ္စည်း တန်ချိန် (၃) သန်းခန့် တင်သွင်းလျက်ရှိရာမှ လာမည့် ၂၀၃၀ ခုနှစ်မှစတင်ကာ သံမဏိလိုအပ်ချက်မှာ တစ်နှစ်လျှင် တန်ချိန် (၅.၄) သန်းခန့်အထိ တိုးတက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း(MISA) ထံမှ သိရသည်။

Source: Popular News Journal 

Category: Local News