ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ငါးရှဉ့်ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးရှဉ့်များ တင်ပို့ရောင်းချအားကောင်းလာခြင်းသည် ပြည်တွင်းမှ ငါးရှဉ့်များကို ပြည်ပဈေးကွက်သို့ တင်ပို့အားကောင်းသည့် အတွက်ဖြစ်ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ဒီဇင်ဘာလရဲ့ ပထမပတ်လောက်ကတည်းက ငါးရှဉ့်တွေ သိသိသာသာကို တင်ပို့အားကောင်းခဲ့ပါတယ်။ ငါးရှဉ့်တွေ တင်ပို့ရောင်းချအားတက်ခဲ့တာကလဲ ပြည်ပငါးရှဉ့်တင်ပို့တဲ့ လုပ်ငန်းတွေပြည်လည် လည်ပတ်လုပ်ကိုင်လာတာကြောင့်ပါ။ ဒေသထွက် ငါးရှဉ့်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့တာပါ။ ရန်ကုန်ကနေတစ်ဆင့် အခြားပြည်တွင်း ပြည်ပဈေးကွက်တွေဆီ ဆက်လက်ဖြန့်ဖြူးရောင်းချတာ ဖြစ်ပါတယ်။ အခုလိုဝယ်ယူအား ကောင်းလာတော့ ငါးရှဉ့်မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေ၊ ငါးရှဉ့်ရှာဖွေဖမ်းဆီးသူတွေအဆင်ပြေလာတာတွေ့ရပါတယ်” ဟု ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် တစ်လအတွင်းတင်ပို့ရောင်းချခဲ့ရသည့် ငါးရှဉ့် ၁၀ ပိဿာလျှင် ငွေကျပ် ၁၄၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ထွက်ရှိသည့် ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်အပြင် တရုတ်နှင့် ထိုင်းနိုင်ငံသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ