Local News

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ကင်းမွန်ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ကင်းမွန်ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးရီက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကင်းမွန်ပိဿာချိန် ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကင်းမွန်ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကင်းမွန်တစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀၀ မှ ၂၇၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “လပွတ္တာမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ရေထွက်ကုန်တွေပုံမှန် တင်ပို့ရောင်းချနေပါတယ်။ လက်ရှိကင်းမွန်တွေ အဝယ်များနေလို့ အရင်ကထက် ပိုမိုတင်ပို့နေရပါတယ်။ နိုဝင်ဘာလကထက် ဒီဇင်ဘာလအတွင်းမှာ ကင်းမွန်ပိဿာချိန် ၃၅၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချခဲ့ပါတယ်။ ကုန်များများတင်ပို့ရောင်းချခဲ့ရ တော့ ငါးလုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေအလုပ်အကိုင် အခွင့်အလမ်းကောင်းနေတာ တွေ့ရပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးရီက ပြောပြသည်။ အဆိုပါ ကင်းမွန်များကို စနစ်တကျသန်းစင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါကင်းမွန်များကို ရန်ကုန်ဈေးကွက်မှ တစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News