ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဂျပန်နိုင်ငံရှိ ဝယ်ယူသုံးစွဲသူများအနေဖြင့် စားသောက်ကုန်ဝယ်ယူမှု ကုန်ကျစရိတ်များ မြင့်တက်မှုဒဏ်ကို ကြုံတွေ့ရနိုင်မည် ဖြစ်ကြောင်း ၃-၁၂-၂၀၂၄ ရက်နေ့ထုတ် The NHK World Japan သတင်းစာတွင် “Prices for thousands of food items to rise in Jan. – Apr.” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါ သတင်းတွင် စားသောက်ကုန် ထုတ်လုပ်သူများအနေဖြင့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ကုန်စည်အမျိုးအစား ၄,၀၀၀ နီးပါး၏ ဈေးနှုန်းများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအကြား တိုးမြှင့်သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သုတေသန အဖွဲ့ဖြစ်သည့် Teikoku Databank မှ ထုတ်ပြန်ထားကြောင်း၊ Teikoku Databank အနေဖြင့် ဂျပန်နိုင်ငံ၌ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းပေါင်း ၁၉၅ ခုမှ အချက်အလက်များကို ကောက်ယူခဲ့ကြောင်း၊ ဇန်နဝါရီလ တစ်လထဲတွင်ပင် ကုန်စည်အမျိုးအစား ၁,၀၀၀ ကျော်၏ ဈေးနှုန်းများ မြင့်တက်လာမည် ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ် တစ်နှစ်လုံးတွင် ကုန်စည်ဈေးနှုန်း များ ဆက်လက်မြင့်တက်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် အဖျော်ယမကာထုတ်ကုန် ၁,၂၅၁ ခု၏ ကုန်စည်ဈေးနှုန်းများမှာလည်း မြင့်တက် လာနိုင်မည် ဖြစ်ကြောင်းနှင့် ကုန်စည်ဈေးနှုန်းမြင့်တက်မှုတွင် အဖျော်ယမကာ ထုတ်ကုန်များမှာ အရေအတွက်အားဖြင့် အများဆုံးဖြစ်ကြောင်း၊ ထို့ပြင် ပေါင်မုန့်အမျိုးအစား ၁,၂၂၀ ခု၏ ဈေးနှုန်း များလည်း မြင့်တက်လာမည် ဖြစ်ကြောင်း၊ အေးခဲစားသောက်ကုန်နှင့် ဆန်ဖြင့် ပြုလုပ်သည့် ဂျပန်စားသောက်ကုန်များအပါအဝင် အသင့်စားထုတ်ကုန် ၁,၀၀၀ ကျော်၏ ကုန်စည်ဈေးနှုန်းများ လည်း မြင့်တက်လာမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ကုန်စည်ဈေးနှုန်းများ မြင့်တက်ရသည့် အဓိကအကြောင်းအရင်းမှာ ကုန်ကြမ်းဈေးနှုန်း များ မြင့်တက်ရခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ပြင် ကုန်စည်ဖြန့်ဖြူးမှုဆိုင်ရာ ကုန်ကျစရိတ်များ နှင့်လုပ်အားခဈေးနှုန်းများ မြင့်တက်ရခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ် တွင် စားသောက်ကုန်အမျိုးအစား ၁၂,၅၂၀ ခု၏ ဈေးနှုန်းများ မြင့်တက်ခဲ့ကြကြောင်းနှင့် အဆိုပါ အရေအတွက်မှာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)
Source: The NHK World Japan