ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ၂.၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ အောက်တိုဘာလတွင် ၂.၅ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်းနှင့် ၃ လတာကာလအတွင်း အဆိုးဆုံးဖြစ်ခဲ့ကြောင်း၊ အလုပ်ရှားပါးလာမှုကြောင့် ဂျပန်လူမျိုးများအနေဖြင့် ပင်စင်ယူရမည့် အသက်အရွယ်ကျော်လွန်သည့်တိုင်အောင် အလုပ်ခွင်အတွင်း ဆက်လက်လုပ်ကိုင်လိုလျက် ရှိကြကြောင်း ၃၀-၁၁-၂၀၂၄ ရက်နေ့ထုတ် The Japan Today သတင်းစာတွင် “Japan’s jobless rate rises to 2.5% in October” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါ သတင်းတွင် ဂျပန်နိုင်ငံ၌ အလုပ်လုပ်ကိုင်လျက် ရှိသည့် လူဦးရေမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ၆၇.၉၈ သန်းရှိပြီး၊ ၀.၂ ရာခိုင်နှုန်း များပြားလာကြောင်း၊ အလုပ်လက်မဲ့ ဦးရေမှာလည်း ၁.၇၁ သန်းရှိခဲ့ပြီး ၁.၈ ရာခိုင်နှုန်း များပြားလာကြောင်းနှင့် ၃ လတာကာလ အတွင်း ပထမဆုံးအကြိမ်များပြားခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။
မိမိဆန္ဒအလျောက် အလုပ်ထွက်သည့် ဦးရေမှာ ၇၀၀,၀၀၀ ဦးရှိခဲ့ပြီး ၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ပင်စင်ယူရမည့် အသက်အရွယ်ရောက်ရှိခြင်းကြောင့် လုပ်ငန်းခွင်မှ အနားယူ သွားသည့် အရေအတွက်မှာ ၅.၄ ရာခိုင်နှုန်း များပြားခဲ့ပြီး၊ ၃၉၀,၀၀၀ ဦး ရှိခဲ့ကြောင်း၊ ဂျပန် နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၂.၅ ရာခိုင်နှုန်း ရှိသည့်အတွက် အလုပ်အကိုင်ရရှိမှုမှာ သိသိသာသာ ပြောင်းလဲမှုမရှိကြောင်းနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း ဖော်ပြထား ပါသည်။
ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ၁.၂၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ အောက်တိုဘာလတွင် ၁.၂၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ အလုပ်အကိုင် ရှာဖွေသူ ၁၀၀ ဦးအတွက် အလုပ်အမျိုးအစား ၁၂၅ မျိုးရရှိနိုင်မည် ဖြစ်ကြောင်း ဂျပန်အစိုးရ၏ ထုတ်ပြန် ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။ လုပ်ငန်းအမျိုးအစားအလိုက် ကြည့်မည်ဆိုပါက ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အလုပ်အကိုင်ဖန်တီးပေးနိုင်မှုမှာ ၈.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ သို့သော် ဟိုတယ်နှင့်စားသောက်ဆိုင်ဝန်ဆောင်မှု လုပ်ငန်းတွင် အလုပ်အကိုင်အသစ် ရရှိမှုနှုန်းမှာ ၆.၅ ရာခိုင်နှုန်းနှင့် ပညာရေးကဏ္ဍတွင် အလုပ်အကိုင်အသစ်ရရှိမှုနှုန်းမှာ ၄.၉ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။
( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)
Source: The Japan Today