International News

ဂျပန်အစိုးရအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မည့် Rapidus ၏ ရင်းနှီးမြှုပ်နှံမှုတွင် ယန်း ၈၀၀ ဘီလီယံထပ်မံပံ့ပိုးသွားမည်

Last Updated:

ဂျပန်အစိုးရအနေဖြင့် အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေမှ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မည့် ထိပ်တန်းကုမ္ပဏီ Rapidus Corp. သို့ ဂျပန်ယန်း ၈၀၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံ) ထပ်မံပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ၂၈-၁၁-၂၀၂၄ ရက်နေ့ထုတ် The Asahi Shimbun သတင်းစာတွင် “Government to pump another 800 billion yen into Rapidus” ခေါင်းစဉ် ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင်  ဂျပန်အစိုးရအနေဖြင့် Rapidus သို့ ဂျပန်ယန်း ၉၂၀ ဘီလီယံပံ့ပိုး ပေးသွားရန် စီစဉ်ထားပြီး ဖြစ်သော်လည်း ကုမ္ပဏီအနေဖြင့် ၂၀၂၇ ခုနှစ်တွင် ၂ နာနိုမီတာ အရွယ် အစားရှိသော တစ်ပိုင်းလျှပ်ကူးပစ္စည်းများ အမြောက်အများ ထုတ်လုပ်နိုင်ရေးအတွက် ယန်း ၄ ထရီလီယံထပ်မံလိုအပ်လျက် ရှိကြောင်း၊ Rapidus တွင် ဂျပန်အစိုးရမှ အမြောက်အများ ရင်းနှီး မြှုပ်နှံထားခြင်းမှာ ဂျပန်နိုင်ငံတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဂျပန်နိုင်ငံအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်လျက်ရှိသော ကမ္ဘာ့ထိပ်တန်းနေရာတွင် ရှိကြသည့် တောင်ကိုရီးယားနိုင်ငံနှင့် ထိုင်ဝမ် ဒေသတို့ထက် များစွာနောက်ကျလျက် ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် နိုင်ငံ၏ ဉာဏ်ရည်တုနှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကဏ္ဍ အားကောင်းခိုင်မာလာစေရေးအတွက် ယန်း ၁.၆ ထရီလီယံပံ့ပိုးမှုအစီအစဉ်အောက်မှ Rapidus ကုမ္ပဏီသို့ ပံ့ပိုးပေးထားပြီးဖြစ်ကြောင်း၊ အဆိုပါ ပံ့ပိုးမှုပမာဏမှာ ၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဂျပန် အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေပမာဏ ယန်း ၁.၈ ထရီလီယံနီးပါး ရှိခဲ့ကြောင်း၊ နိုင်ငံအတွက် စီးပွားရေးလုံခြုံမှုရှိစေရေး တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်နိုင်မှုမှာ အရေးပါလာလျက် ရှိခြင်း ကြောင့် ဂျပန်အစိုးရအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုကဏ္ဍ မြှင့်တင်နိုင်ရေး    ၂၀၂၁ ခုနှစ်၊ဧပြီလမှ စတင်၍ ၃ နှစ်အတွင်း ယန်း ၃.၉ ထရီလီယံ ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်ကဏ္ဍကို ၂၀၃၀ ဘဏ္ဍာနှစ်အထိ ကျယ်ကျယ်ပြန့်ပြန့်ပံ့ပိုးနိုင်ရေးအတွက် မူဘောင်အသစ်ရေးဆွဲ ချမှတ်ထားပြီး ဖြစ်ကြောင်း၊ ထိုသို့ ပံ့ပိုးနိုင်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေများကို အစိုးရပိုင် အစုရှယ်ယာများမှ ရရှိလာ မည့် အမြတ်ငွေများ (သို့မဟုတ်) အစိုးရ၏ အစုရှယ်ယာများ ရောင်းချမှုများမှ ရရှိငွေများနှင့် စီးပွားရေးဝန်ကြီးဌာန၏ ရန်ပုံငွေများ အသုံးပြုသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့် ကဏ္ဍကို ပံ့ပိုးပေးနိုင်ရေးအတွက် အစိုးရ နှင့်ပုဂ္ဂလိကကဏ္ဍမှ ယန်း ၅၀ ထရီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို လာမည့် နှစ်အတွင်း ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားပြီး၊ ထိုသို့ ရင်းနှီးမြှပ်နှံမှုများ ဆွဲဆောင်နိုင်ခြင်းဖြင့် ယန်း ၁၆၀ ထရီလီယံတန်ဖိုးရှိ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကို ဂျပန်နိုင်ငံအနေဖြင့် ရရှိနိုင်ရန် အစိုးရအနေဖြင့် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။

 

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Source: The Asahi Shimbun

 

 

Category: International News