ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း စီးပွားရေး ပြန်လည်ကောင်းမွန်မှုကို အရှိန်မြှင့်တင်မည့် မဟာဗျူဟာအရ လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်များကို ပိုမိုဦးစားပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၏ ဥရောပနှင့်ပထမဆုံး စာချုပ်ဖြစ်သော ထိုင်း-ဥရောပလွတ်လပ်သော ကုန်သွယ်ရေး အသင်း (European Free Trade Association-Efta) တို့အကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ကို ဇန်နဝါရီလအတွင်း လက်မှတ်ရေးထိုးရန် လျာထားပါကြောင်း၊ ဥရောပသမဂ္ဂ၊ တောင်ကိုရီးယား၊ အာဆီယံ-ကနေဒါနှင့် ဘူတန် စသည့် အဓိက မိတ်ဖက်များနှင့် ညှိနှိုင်းမှုများကို အပြီးသတ်ဆောင်ရွက်နေပါကြောင်း၊ ထိုင်းနိုင်ငံသည် နိုင်ငံ ၁၈ နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် ၁၅ ခု လက်မှတ်ရေးထိုးထားပါကြောင်း၊ Efta သည် ဝယ်ယူမှုစွမ်းအား ခိုင်မာသည့် အလားအလာကောင်းသော ဈေးကွက်ရှိပြီး နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများအတွက် လူသိများသဖြင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် ညှိနှိုင်းမှု အပြီးသတ်နိုင်ခြင်းသည် မှတ်သားဖွယ် အောင်မြင်မှုဖြစ်ပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ပါသည်။
လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းများကို တိုးမြှင့်စေပြီး စံနှုန်းများကို မြှင့်တင်ရုံသာမက ယှဉ်ပြိုင်မှုကိုလည်း ခိုင်မာစေပါ ကြောင်း၊ ထိုင်း-ဥရောပလွတ်လပ်သော ကုန်သွယ်ရေး အသင်း (European Free Trade Association-Efta) လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဆွစ်ဇာလန်တွင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးရန် လျာထားပါကြောင်း၊ အီးယူနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးမှုကိုလည်း အရှိန်မြှင့်တင် ဆောင်ရွက်သွားလိုကြောင်း၊ ထိုင်း-ဥရောပလွတ်လပ်သော ကုန်သွယ်ရေး အသင်း (European Free Trade Association-Efta) သည် အီးယူနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကို ထိုင်းနှင့် ညှိနှိုင်းမှု ကို အရှိန်မြှင့်တင်စေရန် ဆွဲဆောင်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ တည်နေရာအနေအထားအရ အရှေ့တောင်အာရှတွင် အဓိက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အချက်အချာ ဖြစ်စေသောကြောင့် အဆိုပါ စာချုပ်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် အရေးပါကြောင်း ဝန်ကြီး က ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်း-သီရိလင်္ကာ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်သည် ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်အတွင်း အသက်ဝင်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်နှင့် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) တို့အပြင် ဈေးကွက်ရရှိမှုကို တိုးချဲ့ရန် စီးပွားရေးမိတ်ဖက်မူဘောင်အောက်မှ တောင်ကိုရီးယားနှင့် ညှိနှိုင်းမှုကို အဆင့်မြှင့်တင်လျက်ရှိပါကြောင်း၊ စီးပွားရေးမိတ်ဖက်မူဘောင်သည် ဒီဂျစ်တယ်ကုန်သွယ်မှုနှင့် ထောက်ပံ့မှုကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အတိုင်းအတာအသစ်များဖြစ်ပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
တောင်ကိုရီးယားအနေဖြင့် ထိုင်းနိုင်ငံမှ အရည်အသွေးမြင့် စိုက်ပျိုးရေး ပို့ကုန်ရာသီပေါ်သစ်သီးများဖြစ်သည့် သရက်သီး၊ မင်းဂွတ်သီးနှင့် နာနတ်သီး၊ လတ်ဆတ်နှင့် ပြုပြင်ပြီး ပုစွန်နှင့် ကြက်သားအတွက် ဈေးကွက်ကို ဖွင့်ပေးရန် တိုက်တွန်းလိုကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ရန် ထိုင်းနှင့် ကိုရီးယားတို့သည် နှစ် ၂၀ ကျော်ကြာ အသက်မဝင်တော့သည့် ပူးတွဲကုန်သွယ်ရေး ကော်မတီကို ပြန်လည်အသက်သွင်းရန် စီစဉ်နေပါကြောင်း၊ ကော်မတီသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခက်အခဲများကို ဖြေရှင်းရန်နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး လွယ်ကူ ချောမွေ့စေရန်ဖြစ်ကြောင်း၊ ယခုနှစ်အစောပိုင်းတွင် ကော်မတီအစည်းအဝေးကို ထိုင်းနိုင်ငံတွင် လက်ခံ ကျင်းပရန် လျာထားကြောင်း သိရှိရပါသည်။
ဘူတန်နှင့်ဆွေးနွေးမှုသည် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဖြစ်ရာ ကုန်သွယ်ရေး ဖြေလျှော့မှုများအပေါ် ဦးစားပေးဆွေးနွေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်ရန် ဦးတည်ထား ပါကြောင်း၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်သည် ၉ ကြိမ် ဆွေးနွေးထားပြီး ဝန်ဆောင်မှုနှင့် အကောက်ခွန်လွယ်ကူချောမွေစေရေးအပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ ယခုနှစ်အတွင်း အပြီးသတ်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံကုန်စည်ကုန်သွယ်မှု သဘောတူစာချုပ်၊ အိန္ဒိယနှင့် ပီရူး စသည့် လက်ရှိ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်များကို မြှင့်တင်လိုကြောင်း၊ ထိုင်းနိုင်ငံသည် လွတ်လပ်သော ကုန် သွယ်ရေး သဘောတူစာချုပ်များအတွက် လမ်းကြောင်းဖြစ်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အသစ်များအတွက် စိတ်အားထက်သန်လျက်ရှိကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။