အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စက်မှုနှင့်လုံခြုံရေးဗျူရို (Bureau of Industry and Security) က နည်းပညာမြင့်ကွန်ပျူတာ Chips နှင့် Closed Artificial Intelligence (AI) Model weights များအတွက် ခြွင်းချက်ပြုသည့်လိုင်စင်အသစ်များနှင့် Data Center Validated End User (VEU) Authorization နှင့်အတူ ကန့်သတ်မှုများပါဝင်သည့် အဆင့်မြင့်ဉာဏ်ရည်တု နည်းပညာများ (Advanced Artificial Intelligence Technology)ကို တာဝန်ယူမှုရှိစွာ အသုံးပြုမှု ပြန့်ပွားရေးအတွက် နည်းပညာမူဘောင်တစ်ရပ်ကို ၁၃-၁-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းမူဘောင်အသစ်သည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ အကျိုး စီးပွားအတွက်အဓိကကျပြီး သမ္မတဂျိုးဘိုင်ဒင်အစိုးရထုတ်ပြန်ခဲ့သည့် AI အသုံးပြုမှုပြန့်ပွားရေးနှင့် တာဝန်ယူမှုရှိစွာ အသုံးပြုရေးအတွက် လုံခြုံပြီးယုံကြည်စိတ်ချရသော နည်းပညာဝန်းကျင်တစ်ရပ် ဖန်တီးမည့်မဟာဗျူဟာကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ အမေရိကန်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က ယခုထုတ်ပြန်သည့်မူဝါဒသည် အမေရိကန်နိုင်ငံ အနေဖြင့် နည်းပညာကဏ္ဍတွင် ဦးဆောင်ဦးရွက်ပြုလျက် ကမ္ဘာတစ်ဝှမ်းယုံကြည်စိတ်ချရသည့် နည်းပညာဆိုင်ရာဂေဟစနစ်တစ်ခုထူထောင်ရန်နှင့် AI နှင့်ဆက်စပ်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်များကို ကာကွယ်ရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါနည်းပညာမူဘောင်တွင် နည်းပညာမြင့်ကွန်ပျူတာ Chips များနှင့်ပတ်သက်သည့် ထိန်းချုပ်မှုများကို အသစ်ရေးဆွဲခြင်း (Updates controls for advanced computing chips)၊ နည်းပညာအမြင့်ဆုံး Closed-weight AI models များ၏ Model weights များနှင့်ပတ်သက်သည့် ထိန်းချုပ်မှုအသစ်များ (New controls on the model weights of the most advanced closed-weight AI models) ချမှတ်ခြင်းနှင့် အမေရိကန်အမျိုးသားလုံခြုံရေးကို ကာကွယ်ရေးအတွက် အဆင့်အမြင့်ဆုံးနည်းပညာများ သိုလှောင်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် နည်းပညာမြင့် ကွန်ပျူတာ Chips များ အသုံးပြုမှုလမ်းလွှဲနိုင်သည့်အန္တရာယ်ကို လျှော့ချရန် BIS အနေဖြင့် လုံခြုံရေး ဆိုင်ရာ အခြေအနေများ သတ်မှတ်ခြင်း (BIS will impose security conditions)စသည့် မဟာဗျူဟာ (၃) ရပ်ပါဝင်ပါသည်။
အလားတူပင် အမေရိကန်သမ္မတအိမ်ဖြူတော်ကလည်း ဉာဏ်ရည်တု (AI) နည်းပညာခေတ် တွင် အမေရိကန်နိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေးတိုးတက်ရေး ဆောင်ရွက်ချက်များကို ၁၃-၁-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းသို့ထုတ်ပြန်ရာတွင် ဉာဏ်ရည်တုနည်းပညာသည် လုံခြုံရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် အဓိကကျသည့်ကဏ္ဍတစ်ရပ်ဖြစ်လာပြီး ဉာဏ်ရည်တုနည်းပညာ သည် မှားယွင်းစွာအသုံးပြုသူများ၏လက်ဝယ်သို့ ရောက်ရှိပါက အဖျက်စွမ်းအားမြင့် လက်နက်များ ထုတ်လုပ်ခြင်း၊ ပြင်းထန်သည့်ဆိုက်ဘာတိုက်ခိုက်မှုများကို အထောက်အပံ့ပေးခြင်းနှင့် လူ့အခွင့် အရေးချိုးဖောက်နိုင်ရန် အကူအညီပေးခြင်းအပါအဝင် အမျိုးသားလုံခြုံရေးအန္တရာယ်ကို သိသာစွာ ဆိုးရွားသည့် အန္တရာယ်ဖြစ်စေနိုင်ပါသည်။ အန္တရာယ်ရှိသည့်နိုင်ငံ (Country of Concern) အဖြစ် သတ်မှတ်ထားသည့် နိုင်ငံများအနေဖြင့် အမေရိကန်ထုတ် AI နည်းပညာအပါအဝင် AI နည်းပညာများ ကို အသုံးပြုလျက် အမေရိကန်နိုင်ငံ၏ AI ကဏ္ဍဦးဆောင်မှုစွမ်းရည်လျော့ကျအောင် ပြုလုပ်လာကြရာ အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် စီးပွားရေးတိုးတက်မှုကိုမြှင့်တင်ရန်အတွက် ယင်း အရေးပါသည့်နည်းပညာများကို နိုင်ငံပြင်ပ၌ ထုတ်လုပ်ခြင်းမပြုရန် အရေးကြီးသကဲ့သို့ AI ဂေဟစနစ် များတည်ထောင်လျက် လုံခြုံစိတ်ချရသည့် စံချိန်စံညွှန်းများရှိရေးအတွက် AI ကုမ္ပဏီများ၊ နိုင်ငံခြား အစိုးရများနှင့်ပူးပေါင်းဆောင်ရွက်ရန်လည်း အရေးကြီးပါသည်။ အမေရိကန်နည်းပညာများကို တာဝန်ယူမှုရှိစွာအသုံးပြုမှုပြန့်ပွားရေးအတွက် အဓိကအရေးပါသည့် အစိုးရယန္တရား (၆)ခုအဖြစ် အောက်ပါအတိုင်း ဖော်ပြထားပါသည် -
အမေရိကန်နိုင်ငံ၏ အဓိကကျသည့် မိတ်ဖက်နှင့် မဟာမိတ်နိုင်ငံ (၁၈) နိုင်ငံသို့ Chip ရောင်းချမှုကို ကန့်သတ်မှုမပြုလုပ်ခြင်း၊
Collective computation power up to roughly 1,700 advanced GPUs ရှိသည့် Chip ဝယ်ယူမှုအော်ဒါများအတွက် လိုင်စင်မလိုအပ်ဘဲ အမျိုးသားလုံခြုံရေးစံနှုန်း သတ်မှတ်ချက်တွင်လည်း ထည့်သွင်းမှုမပြုခြင်း၊
လုံခြုံမှုနှင့် ယုံကြည်စိတ်ချရမှု စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် အဖွဲ့အစည်းများနှင့် မိတ်ဖက်နှင့် မဟာမိတ်နိုင်ငံများတွင် ရုံးချုပ်ရှိသည့် အဖွဲ့အစည်းများသည် “Universal Verified End User, UVEU” အဆင့်အတန်းကို ရရှိနိုင်ခြင်း၊
Country of Concern မှအပ မည်သည့်နိုင်ငံ၌မဆို ရုံးချုပ်တည်ရှိသည့်အဖွဲ့အစည်းများ နှင့် လုံခြုံမှုနှင့် ယုံကြည်စိတ်ချရမှုစံချိန်စံညွှန်း လိုအပ်ချက်နှင့်ကိုက်ညီသော အဖွဲ့ အစည်းများသည် “National Verified End User, NVEU” အဆင့်အတန်းရရှိရန် လျှောက်ထားနိုင်ပြီး ယင်းအဖွဲ့အစည်းများကို နောင် (၂) နှစ်အတွင်း Computation power up to roughly 320,000 advanced GPUs များ ဝယ်ယူခွင့်ပြုခြင်း၊
အမေရိကန်မဟာမိတ်နိုင်ငံများ၏ ပြင်ပရှိ Non-VEU အဖွဲ့အစည်းများကိုလည်း Large amount of computational power ဝယ်ယူခွင့်ပြုခြင်း၊
အစိုးရအချင်းချင်းအကြား အစီအမံများချမှတ်ဆောင်ရွက်ခြင်းဖြင့် AI တီထွင်မှု၊ ဖြန့်ဝေ မှုနှင့် အသုံးပြုမှုတို့နှင့်ပတ်သက်သော အပြည်ပြည်ဆိုင်ရာဂေဟစနစ် တစ်ခုပေါ်ပေါက် လာစေရန် ဖန်တီးဆောင်ရွက်ခြင်း။
ထို့အပြင် Countries of concern များက အဆင့်မြင့် AI နည်းပညာ ရယူနိုင်ခြင်းမရှိစေရေး ဆောင်ရွက်ရာတွင် နိုင်ငံရပ်ခြားသို့ရောင်းချသည့် အဆင့်မြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Advanced semiconductors) များကို ယင်းနိုင်ငံများက အသုံးမပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်၊ The model weights for advanced closed-weight models များကို ယုံကြည်စိတ်ချရမှု မရှိသည့် အဖွဲ့အစည်းများသို့ လွှဲပြောင်းခြင်းကို ကန့်သတ်ရန်နှင့် Weights of advanced closed-weight AI models ကို ကာကွယ်ရန်အတွက် လုံခြုံရေးစံချိန်စံညွှန်းများ ချမှတ်သွားရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။