International News

ကုန်ပစ္စည်းများအတွက် “အမေရိကန်ဆိုက်ဘာလုံခြုံရေးအမှတ်အသား (U.S. Cyber Trust Mark)” ကို စတင်မိတ်ဆက်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်ကထုတ်ပြန်

Last Updated:

အင်တာနက်ချိတ်ဆက်အသုံးပြုသည့်ပစ္စည်းကိရိယာများအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အညွှန်းဖြစ်သည့် “အမေရိကန်ဆိုက်ဘာလုံခြုံရေးအမှတ်အသား (U.S. Cyber Trust Mark)” ကို စတင်မိတ်ဆက်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ၇-၁-၂၀၂၅ ရက် တွင် ထုတ်ပြန်ခဲ့ပါ သည်။

အမေရိကန်နိုင်ငံသားများတွင် ကလေးငယ်စောင့်ကြပ်ကြည့်ရှုသည့်ကိရိယာများ (baby monitors) မှအစ အိမ်လုံခြုံရေးကင်မရာ (home security cameras)နှင့် အသံအသုံးပြုခိုင်းစေနိုင် သည့် အထောက်အကူပြုပစ္စည်းများ (Voice – activated assistants) အပါအဝင် ကြိုးမဲ့ချိတ်ဆက် အသုံးပြုသည့် စမတ်နည်းပညာသုံးပစ္စည်းကိရိယာ  (Smart wireless interconnected devices) အများအပြားရှိရာ ယင်းပစ္စည်းကိရိယာများသည် အမေရိကန်လူနေမှုဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပါသည်။ နေအိမ်တံခါးများကိုဖွင့်ရန် အိမ်လုံခြုံရေးစနစ်များကိုအဝေးမှထိန်းချုပ် ထိုးဖောက် ဝင်ရောက်သည့်ရာဇဝတ်မှုများ တိုးလာခြင်း သို့မဟုတ် အိမ်တွင်တပ်ဆင်ထားသည့် လုံခြုံမှုမရှိသော စောင့်ကြည့်ကင်မရာများမှ စကားပြောဆိုမှုများကို တရားမဝင်အသံဖမ်းကာ အန္တရာယ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်သူများကြောင့် အမေရိကန်နိုင်ငံသားများက စိုးရိမ်လာခဲ့ပါသည်။ အမေရိကန်စားသုံးသူများအား ယင်းပစ္စည်းကိရိယာများနှင့်ပတ်သက်၍ ပညာပေးရန်နှင့် ဆိုက်ဘာ လုံခြုံရေးစနစ်ကို အလွယ်တကူလက်လှမ်းမီစေရန်နှင့် ကုမ္ပဏီများအနေဖြင့် ဆိုက်ဘာလုံခြုံရေး စိတ်ချရသည့်ပစ္စည်းကိရိယာများ (Cybersecure device)များထုတ်လုပ်ရေး မက်လုံးပေးဆွဲဆောင် ရန် U.S. Cyber Trust Mark ကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး U.S. Cyber Trust Mark အစီအစဉ်အရ Smart wireless interconnected devices များကို စံချိန်စံညွှန်းနှင့် နည်းပညာဆိုင်ရာ အမေရိကန် အမျိုးသားအင်စတီကျူ့ (U.S. National Institute of Standards and Technology) မှ ထုတ်ပြန် ထားသည့်  ဆိုက်ဘာလုံခြုံရေးစံချိန်စံညွှန်းများနှင့်ကိုက်ညီမှုရှိ/မရှိကို အသိအမှတ်ပြုဓာတ်ခွဲခန်းများ တွင်  စမ်းသပ်စစ်ဆေးခြင်းဖြင့် ဆိုက်ဘာလုံခြုံရေးအမှတ်အသားအညွှန်း (Cyber Trust Mark label) ကို ရယူနိုင်မည်ဖြစ်ပါသည်။ ဆိုက်ဘာလုံခြုံရေး အမှတ်အသားအညွှန်းသည် အမေရိကန်နိုင်ငံသား စားသုံးသူများအား ၎င်းတို့ရွေးချယ်သည့်ပစ္စည်းကိရိယာများ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အချက် အလက်များကို  အလွယ်တကူ ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ U.S. Cyber Trust Mark label စတင်မိတ်ဆက်ခြင်းသည် အမေရိကန်အစိုးရ၏ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု တစ်ရပ် ဖြစ်ပြီး လုံခြုံရေးစံချိန်စံညွှန်းသုံးပစ္စည်းကိရိယာများထုတ်လုပ်ရန်မက်လုံးပေးခြင်းဖြင့် ကုမ္ပဏီ၊ စားသုံးသူနှင့် အမေရိကန်အစိုးရတို့အကြား ချိတ်ဆက်ပေးရန် ဖြစ်ပါသည်။ ထို့အပြင် စားသုံးသူများကို လည်း ၎င်းတို့အိမ်သို့ယူဆောင်သွားသည့် ပစ္စည်းကိရိယာများသည် ဆိုက်ဘာဘေးကင်းလုံခြုံမှု ရှိသော စမတ်နည်းပညာသုံးပစ္စည်းကိရိယာများ (Smart devices) များဖြစ်ကြောင်း ယုံကြည်မှုကိုပါ ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ အဆိုပါ U.S. Cyber Trust Mark label အစီအစဉ်ကို ၂၀၂၅ ခုနှစ်တွင် စတင်မိတ်ဆက်ခြင်းဖြစ်ရာ စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ပစ္စည်းကိရိယာများကို စမ်းသပ် စစ်ဆေးနိုင်ရေးအတွက် တင်ပြနိုင်မည်ဖြစ်ပါသည်။

Category: International News