ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမရေရာမှုများကြောင့် အိန္ဒိယတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုသည် ယခင်နှစ် အလားတူကာလထက် ၅.၆ ရာခိုင်နှုန်းကျဆင်းသွားပြီး ယခုဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလ သုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉ ဘီလီယံ အထိ ကျဆင်းခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း FDI ဝင် ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅၆ ဘီလီယံရှိခဲ့ကြောင်း အစိုးရအချက်အလက်များ အရ သိရသည်။
စက်မှုနှင့်ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DPIIT) ၏ အချက်အလက်များအရ လက်ရှိဘဏ္ဍာရေးနှစ် ဇူလိုင်လမှ စက်တင်ဘာလသုံးလပတ်အတွင်း ဝင်ရောက်မှုမှာ ယခင်နှစ် အလားတူကာလထက် ၄၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံ ရှိခဲ့သကဲ့သို့ ယခင်နှစ် ဧပြီမှ ဇွန်လသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၁၇ ဘီလီယံ အထိ ဝင်ရောက်ကာ ၄၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၄-၂၅ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဝင်ရောက်မှုမှာ ၂၀၂၃-၂၄ ခုနှစ် အလားတူကာလတွင် ဝင်ရောက်မှု အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံနှင့် နှိုင်းယှဉ် ပါက ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၆၇ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။
ရှယ်ယာဝင်ရောက်မှု၊ ပြန်လည်ရင်းနှီးမြုပ်နှံထားသော၀င်ငွေများနှင့် အခြားမတည်ငွေရင်း များအပါအဝင် စုစုပေါင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် ၂၀၂၃-၂၄ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလ အတွင်း၌ အမေရိကန်ဒေါ်လာ ၅၁၅ ဘီလီယံ ရှိခဲ့ရာမှ ယခုနှစ် အလားတူကာလတွင် ပထမ ၉ လ တွင် အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၄၈ ဘီလီယံ ရရှိခဲ့ကာ ၂၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း သိရှိရသည်။
၂၀၂၄ -၂၅ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုတွင် အဓိကအားဖြင့် စင်္ကာပူ (အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ)၊ အမေရိကန် (အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃ ဘီလီယံ)၊ နယ်သာလန် (ကန်ဒေါ်လာ ၄ ဘီလီယံ) ၊ UAE (ကန်ဒေါ်လာ ၄ ဒသမ ၁၄ ဘီလီယံ)၊ ကေမန်ကျွန်းများနိုင်ငံ (Cayman Islands) က (ကန်ဒေါ်လာ ၂၉၆ သန်း) နှင့် ဆိုက်ပရပ်ဒ် နိုင်ငံတို့မှ ကန်ဒေါ်လာ ၁.၁၈ ဘီလီယံ အသီးသီးတိုးတက် ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် မောရစ်သျှ၊ ဂျပန်၊ ဗြိတိန်နှင့် ဂျာမနီတို့မှ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ကျဆင်းခဲ့ကြောင်း သိရှိရသည်။
ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုတွင် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကွန်ပျူတာဆော့ဖ်ဝဲလ်နှင့် ဟာ့ဒ်ဝဲ၊ ကုန်သွယ်မှု၊ ဆက်သွယ်ရေး၊ မော်တော်ကား၊ နှင့် ဓာတုပစ္စည်းများတွင် ဝင်ရောက်မှုမှာ မြင့်တက်လာခဲ့ကြောင်း သိရှိသည်။
ဝန်ဆောင်မှုလုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုသည် လက်ရှိဘဏ္ဍာရေး နှစ်၏ ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၂ ဘီလီယံအထိ တိုးမြင့်လာခဲ့ကြောင်း နှင့်ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ ၅ ဒသမ ၁၈ ဘီလီယံသာ ရရှိခဲ့ကြောင်း သိရှိရ သည်။
ကိန်းဂဏန်းအချက်အလက်များအရ သမားရိုးကျမဟုတ်သော စွမ်းအင် ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှု ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရှိပြီး မဟာရက်ရှ်ထရာ ပြည်နယ် သည် ၂၀၂၄-၂၅ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအတွင်း၌ ပြည်ပရင်းနှီးမြှုပ်နှံမှုအမြင့်ဆုံးဝင်ရောက်ခဲ့ ကာ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆၅ ဘီလီယံ ရရှိခဲ့ကြောင်း၊ ၎င်း၏နောက်တွင် ကာနာတကာ ပြည်နယ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ နှင့် ဂူဂျာရတ်ပြည်နယ် (အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၆ ဘီလီယံ တို့ဖြစ်ကြောင်း သိရှိရသည်။
Source: FDIs in India drop 5.6% to $ 10.9bn in Oct-Dec, The Economic Times, 3 March, 2025.
စီးပွားရေးသံမှူး၊ နယူးဒေလီမြို့