International News

အမေရိကန်၏ ဝါဂွမ်းအပေါ် တရုတ်၏ အခွန်စည်းကြပ်မှုသည် အိန္ဒိယ၏ အဝတ်အထည်နှင့် ချည်မျှင်တင်ပို့မှုကို မြှင့်တင်ရန် အထောက်အကူဖြစ်စေနိုင်

Last Updated:

တရုတ်၏ ပြန်လည်တုံ့ပြန်သည့်စည်းကြပ်ခွန်များကြောင့် အမေရိကန်၏ ဝါစျေးနှုန်းများ ကျဆင်းခြင်းသည် အိန္ဒိယ အထည်ချုပ်၊ အထည်အလိပ်နှင့် ချည်မျှင်ကဏ္ဍ တင်ပို့မှုအတွက် ဝယ် လိုအားတိုးလာနိုင်ကြောင်း၊ တရုတ်၏ တန်ပြန်အကောက်ခွန်စည်းကြပ်မှုကြောင့် အိန္ဒိယသည် အ ရည်အသွေးကောင်းမွန်သော အမေရိကန်၏ဝါကို စျေးနှုန်းချိုသာစွာဖြင့်ရရှိနိုင်မည်ဖြစ်ပြီး အမေရိ ကန်နှင့် ဥရောပဈေးကွက်များတွင် ၎င်း၏ဈေးကွက်ဝေစုတိုးမြှင့်ရရှိကာ တရုတ် အထည် အလိပ် တင်ပို့မှု၏ ယှဉ်ပြိုင်နိုင်စွမ်းကို လျှော့ချနိုင်မည်ဖြစ်ကြောင်း The Economic Times သတင်းစာ တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

တရုတ်က လက်တုံ့ပြန် စည်းကြပ်ခွန် ၁၀-၁၅ ရာခိုင်နှုန်း ချမှတ်ပြီးနောက် အမေရိကန်၏ ဝါ ဈေးနှုန်းသည် လေးနှစ်တာ ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ကြောင်း၊  အိန္ဒိယသည် ချည်မျှင်တင်ပို့မှုတွင် နံပါတ်တစ်နေရာတွင်ရှိပြီး ၎င်း၏စျေးသက်သာသောချည်မျှင်သည် ကမ္ဘာ့ စျေးကွက်ဝေစု၏  ၃၁ ရာခိုင်နှုန်းကို ရရှိထားကြောင်း သိရှိရသည်။

ကုန်သွယ်မှုခန့်မှန်းချက်များအရ အိန္ဒိယ၏ ဝါ တင်သွင်းမှုသည် ပြည်တွင်းထုတ်လုပ်မှု ကျ ဆင်းခြင်းကြောင့် ယခင်နှစ်ထက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၆၂ % တိုးလာခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ၏ အမေရိကန်မှ ချည်တင်သွင်းမှုအများစုသည် ပိုမိုရှည်လျားသည့် ဝါဂွမ်းမွေး အမျိုးအစား ( Extra Long Staple – ELS)  အမျိုးအစားဖြစ်ပြီး  တရုတ်နိုင်ငံမှ ဝယ်လိုအား လျော့ နည်းခြင်းကြောင့် အမေရိကန်ဝါဂွမ်းဈေးနှုန်းများကျဆင်းပါက အိန္ဒိယ အထည်အလိပ် ထုတ်လုပ် သူများသည် အမေရိကန်၏ဝါဂွမ်းအားတင်သွင်းမှုတိုးမြင့်လာရန် စီးပွားရေးအရ အလားအလာ ရှိ လိမ့်မည်ဟု အိန္ဒိယအစိုးရ၏ ချည်မျှင်ပို့ကုန်မြှင့်တင်ရေးကောင်စီ ( Cotton Textile Export Promotion Council - Texprocil) မှ အမှုဆောင် ဒါရိုက်တာ Siddhartha Rajagopal က ပြောကြားထားသည်။

အိန္ဒိယသည် ဝါဂွမ်းထုတ်လုပ်မှုတွင် အများစုအတွက် ဖူလုံမှုရှိသော်လည်း ၎င်းသည် အထူးကောင်းမွန်သည့်အရည်အသွေးရှိသောဝါဂွမ်း သို့မဟုတ် ဝယ်သူ၏လိုအပ်ချက်များကို ပြည့် မီစေရန်အတွက် ELS ဝါဂွမ်းနှင့် ဓါတုဆေးဆိုးချည်ထည်အချို့ကို တင်သွင်းပါကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ အိန္ဒိယနိုင်ငံသည် ကမ္ဘာအနှံမှ အမေရိကန်ဒေါ်လာ သန်း ၅၇၀ တန်ဖိုးရှိ ဝါဂွမ်းကုန်ကြမ်းများကို တင်သွင်းခဲ့ရာ  အမေရိကန်မှ တင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ ၂၂၁ သန်းရှိပြီး  စုစုပေါင်းဝါတင်သွင်းမှု၏ ၃၈.၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရှိရသည်။

တရုတ်ဈေးကွက်တွင် ကန့်သတ်မှုများကြောင့် အမေရိကန်၏ သာလွန်ကောင်းမွန်သော Extra Long Staple Cotton (ELS) ဝါဂွမ်းတင်ပို့မှုများအတွက် အခြားသော မတူညီသည့် ဈေးကွက်များအားရှာဖွေလာနိုင်ကြောင်းနှင့် အိန္ဒိယအား  ခိုင်မာသောကုန်သွယ်မှုမိတ်ဖက်အဖြစ် စဉ်းစားလာနိုင်ကြောင်း Rajagopal မှ ပြောကြားခဲ့သည်။

အဆိုပါအခွန်စည်းကြပ်မှုသည် နိုင်ငံတကာဈေးကွက်များတွင် တရုတ်အထည်အလိပ် ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းအပေါ်သက်ရောက်မှုရှိနိုင်ပြီး အထူးသဖြင့် အမေရိကန်နှင့်အီးယူ ကဲ့သို့သောဒေသများတွင် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအတွက် ပိုမိုကြီးမားသောစျေးကွက်ဝေစု ကိုရယူရန် အခွင့်အရေးများရရှိလာနိုင်ကြောင်း၊ ယင်းအပြောင်းအလဲသည် အိန္ဒိယ ချည်မျှင်၊ ချည်ထည်နဲ့ အထည်ချုပ်လုပ်ငန်းများအတွက် ၀ယ်လိုအားမြင့်တက်လာနိုင်ပြီး ပို့ကုန်ပမာဏ တိုး လာနိုင်ကြောင်း၊  အိန္ဒိယချည်ထုတ်ကုန်များ၏ ဝယ်လိုအားတိုးလာသည်နှင့်အမျှ ပို့ကုန် လုပ်ငန်း ရှင်များသည် ပိုမိုကောင်းမွန်သော စျေးနှုန်းရွေးချယ်မှုများကို တွေ့ကြုံရမည်ဖြစ်ပြီး အမြတ် အစွန်း များ ပိုမိုရရှိစေမည်ဖြစ်ကြောင်း  Rajagopal မှ ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်ဝယ်လိုအားကျဆင်းမှုကြောင့် အမေရိကန်ချည်၏ ကမ္ဘာ့စျေးနှုန်းများ ကျဆင်းလာပါက အိန္ဒိယအထည်အလိပ်ထုတ်လုပ်သူများသည် အမေရိကန်ဝါဂွမ်းကို ဈေးနှုန်းပိုမို သက်သာစွာဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားထားသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် အထည်အလိပ်နှင့်အဝတ်အထည်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၄.၂ ဘီလီယံရရှိပြီး ကမ္ဘာ လုံးဆိုင်ရာအထည်အလိပ်ကုန်သွယ်မှု၏ ၃.၉% ခန့်ရှိကာ ကမ္ဘာတစ်ဝှမ်းတွင် ဆဋ္ဌမ မြောက် အကြီးဆုံး တင်ပို့သူအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယသည်  အထည်အလိပ်တင်ပို့မှုတွင် အမေရိကန်‌ဒေါ်လာ ၁၉.၇၃ ဘီလီယံ ခန့်ရှိရာ ကမ္ဘာလုံးဆိုင်ရာအထည်အလိပ်တင်ပို့မှု၏ ၅.၅% ဝေစုရှိပြီး အဝတ်အထည်တင်ပို့မှုတွင်  အမေရိ ကန်ဒေါ်လာ ၁၅.၅ ဘီလီယံရှိကာ ကမ္ဘာလုံးဆိုင်ရာ အဝတ်အထည်တင်ပို့မှု၏ ၃ ရာခိုင်နှုန်း ခန့်ရှိ ကြောင်း သိရှိရသည်။

လက်ရှိတွင် ဝါဂွမ်းအရှည် ၃၂ မီလီမီတာ (ELS) နှင့် အထက်ရှိသော ဝါကုန်ကြမ်းကို အိန္ဒိယ က အခွန်ကင်းလွတ်ခွင့်ပြုထားပြီး ဝါဂွမ်းအရှည် ၃၂ မီလီမီတာအောက် ရှိသော ကုန်ကြမ်းများကို အခွန် ၁၁% ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

သို့သော်လည်း အမေရိကန်ဝါဂွမ်းတင်ပို့သူများသည် ၎င်းတို့၏ အာရုံစူးစိုက်မှုကို အခြား ဈေးကွက်များသို့ လမ်းကြောင်းပြောင်းသွားနိုင်ခြေရှိပြီး ထိုဒေသများရှိ အိန္ဒိယပို့ကုန်လုပ်ငန်းရှင် များအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာဖွယ်ရှိကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

သို့ဖြစ်ပါ၍ အမေရိကန်၏ ဝါဂွမ်းအပေါ် တရုတ်နိုင်ငံ၏ တန်ပြန်အခွန်စည်းကြပ်မှုများ ကြောင့် အိန္ဒိယ အဝတ်အထည်နှင့် ချည်မျှင် လုပ်ငန်းများ ဈေးကွက်ပိုမိုရရှိရေးအထောက်အကူပြု နိုင်ကြောင်း အိန္ဒိယလုပ်ငန်းရှင်များက မျှော်လင့်လျက်ရှိနေမှုကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Source: China’s tariffs on US cotton may help boost India’s garment & yarn exports, The Economic Times, 5 March, 2025.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News