၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အမေရိကန်နိုင်ငံ၏ အလုပ်အကိုင်ပေါင်း (၁၅၁,၀၀၀) အထိ ဖန်တီးပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက ၇-၃-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပါ သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အလုပ်အကိုင်ပေါင်း (၁၂၅,၀၀၀) ဖန်တီးပေးခဲ့သဖြင့် ဖေဖော်ဝါရီလတွင် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုတိုးလာခဲ့ကြောင်း၊ အလုပ်လက်မဲ့နှုန်းသည် ဇန်နဝါရီလတွင် (၄) ရာခိုင်နှုန်းရှိခဲ့ ရာမှ ဖေဖော်ဝါရီလတွင် (၄.၁) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ ယင်းသို့အလုပ်လက်မဲ့နှုန်း မြင့်တက်ခဲ့ခြင်းမှာ ဖက်ဒရယ်အစိုးရဝန်ထမ်းများ အလုပ်ဆုံးရှုံးရမှု ကြောင့်ဟု ယူဆလျက်ရှိသော်လည်း အလုပ်လက်မဲ့နှုန်းကို လေ့လာသည့်အစီရင်ခံစာတွင် အဆိုပါ ဖက်ဒရယ် အစိုးရဝန်ထမ်းများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိကြောင်း၊ အလုပ်သမားဝန်ကြီး ဌာန၏ သုတေသနအရ ဖေဖော်ဝါရီလ (၁၂) ရက် အထိ အလုပ်သမားလစာ စာရင်းအပေါ်မူတည်၍ တွက်ချက်ထားခြင်းဖြစ်ရာ ယင်းကာလမတိုင်မီ အလုပ်လုပ်ကိုင်သူများအားလုံးကို ထည့်သွင်း တွက်ချက်ခဲ့ကြောင်း၊ ဖက်ဒရယ်အစိုးရဝန်ထမ်းများအား ဖေဖော်ဝါရီလ (၁၃) ရက်နောက်ပိုင်းမှသာ အမေရိကန်သမ္မတအိမ်ဖြူတော်က အလုပ်အကိုင်လျော့ချမှု ပြုလုပ်ခဲ့ခြင်းဖြစ်သဖြင့် ယင်းစာရင်း တွင် ပါဝင်ခြင်းမရှိခြင်းဖြစ်ကြောင်း၊ အိမ်ဖြူတော်၏ အလုပ်အကိုင် လျှော့ချမှုစာရင်းတွင် ဖက်ဒရယ်အစိုးရဝန်ထမ်း (၇၅,၀၀၀) ကို “ရွှေ့ဆိုင်းထားသည့်အလုပ်နုတ်ထွက်မှု (Deferred resignation)” အဖြစ်ထားရှိကာ ၎င်းတို့သည်အလုပ်လုပ်ရန်မလိုအပ်ဘဲ စက်တင်ဘာလကုန် အထိ လစာခံစားခွင့်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါအလုပ်လျှော့ချမှုစာရင်းသည် နောက်လာမည့်လများ ၌သာ ပါဝင်မည်ဖြစ်ကြောင်း၊ သန်းကြွယ်သူဌေး Elon Musk ဦးဆောင်သည့် အစိုးရလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်ရေးဝန်ကြီးဌာန (Department of Government Efficiency, DOGE) ခေါ် ဌာနသစ်၏ “Workforce Optimization Initiative” အစီအစဉ်ကြောင့် အလုပ်ဆုံးရှုံးသည့် ဖက်ဒရယ်အစိုးရဝန်ထမ်းအရေအတွက်ကို အတိအကျမသိရှိရသေးကြောင်း၊ ဖက်ဒရယ်အစိုးရစာချုပ် များ ဖျက်သိမ်းခြင်းကြောင့် ယင်းစာချုပ်အရအလုပ်ကိုင်လျက်ရှိကြသော ပုဂ္ဂလိကကဏ္ဍမှ ဝန်ထမ်းများ လည်း အလုပ်ဆုံးရှုံးမှုများရှိပါကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်သည် ၂၀-၁-၂၀၂၅ ရက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့မှစတင်၍ ဖက်ဒရယ်အစိုးရဝန်ထမ်း အလုပ်ခေါ်ယူမှုကို ဆိုင်းငံ့ထားခဲ့ပါကြောင်း သိရှိရပါသည်။
ဖေဖော်ဝါရီလအတွင်း ပြည်နယ်နှင့် ဒေသန္တရအဆင့် အစိုးရအလုပ်အကိုင်များသည် (၂၁,၀၀၀) အထိ တိုးလာခဲ့ပြီး အဓိကအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၌ အလုပ်အကိုင် ပေါင်း (၅၂,၀၀၀) နှင့် ပို့ဆောင်ရေးနှင့်သိုလှောင်ရုံများရှိ အလုပ်အကိုင် (၁၈,၀၀၀) တိုးလာခဲ့ပါ ကြောင်း၊ သို့ရာတွင် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍတွင် အလုပ်အကိုင်ပေါင်း (၁၆,၀၀၀) နှင့် လက်လီအရောင်းဆိုင်များရှိ အလုပ်အကိုင် (၆,၀၀၀) ကျော် ဆုံးရှုံးခဲ့ပါကြောင်း၊ တစ်နာရီ လုပ်အားခ သည် ဇန်နဝါရီလ၏ လုပ်အားခထက် (၀.၃) ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း၊ သမ္မတ၏ အခွန်လျှော့ချမှုအက်ဥပဒေ အတည်ပြုခဲ့လျှင် အလုပ်သမားများ ပို၍ခန့်ထားနိုင်မည်ဟု စီးပွားရေးလုပ်ငန်းများက ယူဆလျက်ရှိသကဲ့သို့ အမေရိကန်သမ္မတအိမ်ဖြူတော်ကလည်း သွင်း ကုန်ခွန်ကြောင့် မော်တော်ယာဉ်ထုတ်လုပ်မှု ကဏ္ဍတိုးတက်ကာ အလုပ်အကိုင်များ ဖန်တီးပေးနိုင် မည်ဟု ယုံကြည်လျက်ရှိကြောင်း၊ အလုပ်အကိုင် ဆုံးရှုံးမှုများကြောင့် အလုပ်သမားများသည် ၎င်း တို့၏ အကြွေးဝယ်ကတ်အသုံးပြုမှုကို သတိထားသုံးစွဲလာကြရာ Bank of America မှ စီးပွားရေး ပညာရှင်တစ်ဦး၏ လေ့လာမှုအရ မြို့တော်ဝါရှင်တန်ဒီစီ အနီးတဝိုက်တွင် အကြွေးဝယ်ကတ် အသုံးပြုမှုလျော့ချခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။