International News

တရုတ်နိုင်ငံ၏ ကုန်တင်လေကြောင်းပို့ဆောင်ရေးသည် ဥရောပသို့ လမ်းကြောင်း ၁၉ ခု ထပ်တိုး ဆောင်ရွက်မှုကြောင့် ကုန်သွယ်မှု ပိုမိုတိုးတက်လာ

Last Updated:

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေ (Hubei) ပြည်နယ်၊ အဲကျိုးမြို့ (Ezhou) ရှိ အဲကျိုးဟွားဟူ (Ezhou Huahu) ပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုန်တင်လေယာဉ်များဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စတင် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပြည်တွင်းလမ်းကြောင်း ၄၈ ခု နှင့် နိုင်ငံတကာ လမ်းကြောင်း ၁၇ ခု တွင် ပြေးဆွဲဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းလေဆိပ်သည် ၅၂ ကီလိုမီတာအထိ ပါဆယ်စည်းမျဥ်းလိုင်းများ (parcel sorting lines) တိုးချဲ့ထားပြီး စတုရန်းမီတာ ၇၅၀,၀၀၀ ကျယ်ဝန်းသော ကုန်ပစ္စည်း တင်ပို့ဆောင်ရွက်နိုင်မည့် နေရာကို ပိုင်ဆိုင်ထားသည်။ လေဆိပ် ၏ နိုင်ငံတကာ ကုန်စည်ဖြတ်သန်းဆောင်ရွက်ခဲ့မှုသည် တန်ချိန် ၈၀,၀၀၀ ကျော်လွန်သွားပြီ ဖြစ်သည်။

 

၂၀၂၅ ခုနှစ် ပထမနှစ်လအတွင်း တရုတ်နိုင်ငံနှင့် အခြားဈေးကွက်များသို့ ချိတ်ဆက်ထားသော ကုန်တင်လေကြောင်း လမ်းကြောင်းအသစ် စုစုပေါင်း ၃၅ ခု ကို တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း၊ ဥရောပနှင့် အများဆုံးချိတ်ဆက်ဆောင်ရွက်သည့် လမ်းကြောင်း ၁၉ ခု လည်း ပါဝင်ကြောင်း China Federation of Logistics and Purchasing (CFLP) ၏ အချက်အလက်များကို ကိုးကား၍ တရုတ်သတင်းမီဒီယာ (China Media Group) မှ ဖော်ပြခဲ့သည်။ တစ်ပတ်လျှင် အသွား၊ အပြန် ခရီးစဉ် ၇၂ ခု ကို တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ သည်။ CFLP အချက်အလက်များအရ အဓိကအားဖြင့် နယ်စပ်ဖြတ်ကျော် e-commerce ကုန်ပစ္စည်များ (cross-border e-commerce goods) ၊ လတ်ဆတ်သောထုတ်ကုန်များ (fresh produce) ၊ လျှပ်စစ်ပစ္စည်း များ (electronics) နှင့် မော်တော်ယာဥ်အစိတ်အပိုင်းများ (auto parts) စသည့် ကုန်ပစ္စည်းများကို သယ် ယူပို့ဆောင်ပေးလျက်ရှိသည်။

နိုင်ငံတကာ ကုန်သွယ်မှု နည်းစနစ်များ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ နယ်စပ်ဖြတ်ကျော် e-commerce သည် ပိုမိုမြန်ဆန်သော သယ်ယူပို့ဆောင်ချိန်အတွက် လိုအပ်ချက် မြင့်မားသည့် dominant model အဖြစ် ထွက်ပေါ်လာပါသည်။ ယင်းသည် တရုတ်နိုင်ငံ၏ စက်မှုကဏ္ဍ အဆင့်မြှင့်တင်ရာတွင် ထင်ရှားသည့် အကျိုးရလဒ်တစ်ခု ဖြစ်ပါကြောင်းနှင့် နည်းပညာမြင့်ထုတ်ကုန်များနှင့် တန်ဖိုးမြင့်ထုတ်ကုန် များကို ကမ္ဘာတစ်ဝှမ်း ရေပန်းစားလာစေရေး ပိုမိုဆောင်ရွက်လာနိုင်ကြောင်း  CFLP ၏ လေကြောင်း ပို့ဆောင်ရေးကော်မတီ လက်ထောက်အတွင်းရေးမှူး Li Sheng က ပြောကြားခဲ့သည်။

ပြောင်းလဲလာသော နိုင်ငံတကာကုန်သွယ်မှု အခင်းအကျင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများသည် ၀ယ်လိုအားအသစ်များရရှိရန် ၎င်းတို့၏ ရောင်းချမှုနှင့် ဖြန့်ဖြူးမှုဗျူဟာများ (sales and distribution strategies) ကို လိုက်လျောညီထွေဖြစ်စေရန် အားထုတ်ကြိုးပမ်းလာကြသည်။ ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ အခြေခံအဆောက်အအုံ တိုးတက်မှုသည် ကမ္ဘာ့စျေးကွက်လိုအပ်ချက်များနှင့် ပိုမိုကောင်းမွန်စွာ လိုက်လျောညီထွေဖြစ်စေရန် ဆောင်ရွက်နိုင်သည့် တရုတ်စီးပွားရေးလုပ်ငန်းများ၏ စွမ်းရည်ကို ဖော်ပြ နေပါကြောင်း၊ နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ပေါ်လွင်စေပါ ကြောင်း Li က ပြောကြားခဲ့သည်။

CFLP ၏ တရားဝင် WeChat အကောင့်တွင် ဖော်ပြချက်အရ ဥရောပသို့ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းများ တိုးချဲ့လာသည့်အချိန်တွင် တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေပြည်နယ်ရှိ Ezhou Huahu အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပဲရစ် (Paris)၊ ဖရန့်ဖတ် (Frankfurt)၊ ဘူဒါပတ် (Budapest) နှင့် မီလန် (Milan) စသော ဥရောပနိုင်ငံများသို့ ပြေးဆွဲသည့် အာရှ၏ ပထမဆုံးပရော်ဖက်ရှင်နယ် ကုန်တင်လေဆိပ် (Asia's first professional cargo hub airport) တစ်ခု ဖြစ်လာကြောင်း သိရှိရသည်။

အဆိုပါ လမ်းကြောင်းများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် e-commerce ကုန်စည်များ၊ အဆင့်မြင့် အသုံးအဆောင်များ (high-end accessories) ၊ တူရိယာများ (precision instruments) ၊ လျှပ်စစ်ပစ္စည်း များ (electronics) ၊ ပေါ့ပါးသော ဇိမ်ခံအဝတ်အစားများ (light luxury clothing) နှင့် ဝိုင်နီများကဲ့သို့ သော ကုန်ပစ္စည်းများကို အဓိက သယ်ယူပို့ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

အဲကျိုးမြို့အပြင် တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်း (Sichuan) ပြည်နယ်၊ ချန်ဒူမြို့ (Chengdu) နှင့် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှန်ချီ(Shaanxi) ပြည်နယ်၊ ရှီအန် (Xi'an) မြို့ စသည့်မြို့များသည် ၎င်းတို့၏ နိုင်ငံတကာ ကုန်တင်လေကြောင်းကွန်ရက်များ (international air cargo networks) ကို ပိုမို ချဲ့ထွင်လာကြသည်။ နယ်သာလန်နိုင်ငံရှိ Amsterdam မြို့ နှင့် ဟန်ဂေရီနိုင်ငံရှိ Debrecen မြို့ တို့သို့ လမ်းကြောင်းသစ်များဖွင့်လှစ်၍ တရုတ်နှင့်ဥရောပအကြား လေကြောင်းပို့ဆောင်ရေး လမ်းကြောင်းများ ကို တိုးမြှင့်ဖော်ဆောင်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ဥရောပသို့ ကုန်တင်လေကြောင်း လမ်းကြောင်းအရေအတွက် တိုးတက်မှုနှုန်းသည် သိသာလာပါ ကြောင်း၊ ယင်းသည် တရုတ်-ဥရောပ နှစ်ဖက်လုံးအတွက် ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ကို ပြသနေကြောင်း ဖူတန်တက္ကသိုလ်၊ နိုင်ငံတကာလေ့လာရေးအဖွဲ့ (Fudan University's Institute of International Studies) ၏ တရုတ်-ဥရောပဆက်ဆံရေးစင်တာမှ ဒုတိယ ညွှန်ကြားရေးမှူး Jian Junbo က ပြောကြားခဲ့သည်။

ဥရောပတွင် တရုတ်ထုတ်ကုန်များ၏ ဝယ်လိုအား အားကောင်းနေဆဲဖြစ်ခြင်းကြောင့် တရုတ်နှင့် ဥရောပဈေးကွက်နှစ်ခုအကြား နက်ရှိုင်းစွာ အပြန်အလှန်မှီခိုမှုကို မြင်တွေ့ရကြောင်း Jian က ပြောကြား ခဲ့သည်။ တရုတ် အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့၏ အချက်အလက်များအရ တရုတ်-အီးယူ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် ၁ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း တွေ့ရှိရသည်။

 

အရင်းအမြစ်။ http://en.people.cn/n3/2025/0306/c90000-20285562.html

စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို။

Category: International News