ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် နိုဝင်ဘာ ၁၅ ရက်နေ့အထိ တန်ချိန် ၈.၀၅ သန်းရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅.၀၅ ဘီလီယံရှိကြောင်း အကောက်ခွန်ဦးစီးဌာန၏ စာရင်း များအရသိရှိရပါသည်။ လွန်ခဲ့သည့် ၁၀ လအတွင်း ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု ပျမ်းမျှ ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၆ သို့ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။
လက်ရှိတွင် ဆန်ကွဲပါဝင်မှု ၅ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းနှင့် ၁၀၀ ရာခိုင်နှုန်းရှိသည့် ဗီယက်နမ်ဆန်များသည် ဈေးအကြီးဆုံးဖြစ်ပြီး ထိုင်း၊ အိန္ဒိယနှင့် ပါကစ္စတန်တို့ကဲ့သို့ ထိပ်တန်း တင်ပို့သည့်နိုင်ငံများမှ အလားတူဆန်မျိုးကွဲများ၏ ဈေးနှုန်းများထက် ကျော်လွန်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယမှ ဆန်တင်ပို့မှုကို ပြန်လည်စတင်ပြီဖြစ်သော်လည်း ဗီယက်နမ်နိုင်ငံမှ ဆန်မွှေးနှင့် အရည်အသွေးမြင့်ဆန် အမျိုးအစားများသည် ဈေးကောင်းရရှိမှုကို ဆက်လက်ထိန်းထားနိုင်ဆဲ ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး Phung Duc Tien က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
စာရင်းအင်းများအရ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်ဆန် အများဆုံးစားသုံးသူဖြစ်ပြီး လွန်ခဲ့သည့် ၁၀ လအတွင်း ဖိလစ်ပိုင်သည် ဗီယက်နမ်မှ ဆန်တန်ချိန် ၃.၆၄ သန်းဖိုး ဝယ်ယူခဲ့ ကြောင်း သိရှိရပါသည်။
အင်ဒိုနီးရှားသည် တန်ချိန် ၁.၁ သန်းကျော် ဝယ်ယူခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၆၅၅ သန်း၊ ပမာဏအားဖြင့် ၇.၂ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၀.၂ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။ မလေးရှားနိုင်ငံသည် တန်ချိန် ၆၇၄,၇၃၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၉၉.၉ သန်း၊ ပမာဏအားဖြင့် ၈၇.၇ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂.၁ ဆမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
လွန်ခဲ့သည့် ၁၀ လအတွင်း အခြားဈေးကွက်များသို့ တင်ပို့မှုများ အားကောင်းခဲ့ပြီး စင်ကာပူ (၁၉.၁ ရာခိုင်နှုန်း)၊ မိုဇမ်ဘစ် (၁၄.၇ ရာခိုင်နှုန်း)၊ ဩစတြေးလျ (၁၁.၆ ရာခိုင်နှုန်း)နှင့် ဆော်ဒီအာရေဗျ (၃၄ ရာခိုင်နှုန်း) ရှိကြောင်းသိရှိရပါသည်။ ယူကရိန်းသို့ တင်ပို့မှုသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပမာဏနှင့် တန်ဖိုး နှစ်ခုစလုံးတွင် ၁၆ ဆနီးပါး တိုးလာပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆.၉ သန်းနှင့် တန်ချိန် ၁၀,၈၃၄ အထိ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များကြောင့် ဗီယက်နမ်နိုင်ငံမှ အာရှ၊ အာဖရိကနှင့် ဥရောပရှိ နိုင်ငံများအပါအဝင် အများအပြားသို့ တင်ပို့မှုတိုးလာခဲ့ကြောင်း၊ ဗီယက်နမ် ဆန်ဈေးကွက်သစ်များ ချဲ့ထွင်နိုင်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြောင်း သိရှိ ရပါသည်။
အချို့သောဒေသများတွင် စားနပ်ရိက္ခာ အကျပ်အတည်းကြောင့် ဆန်ဝယ်လိုအား တိုးလာမှု အပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေး ပြဿနာများသည် ပို့ကုန်ကို တွန်းအားပေးခဲ့ကြောင်း၊ ထို့အပြင် ဗီယက်နမ်ဆန်မွှေးအမျိုးအစားသည် နိုင်ငံတကာဈေးကွက်တွင် ပိုမိုရေပန်းစား လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ထိရောက်သော စျေးကွက်ရှာဖွေရေး မဟာဗျူဟာများသည် အပြုသဘောဆောင်သော ရလဒ်ကောင်းများ ရရှိစေပြီး ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများသည် ဗီယက်နမ်ဆန်၏ ပုံရိပ်ကို မြှင့်တင်ရန်အတွက် ထိရောက်သော ဈေးကွက်ရှာဖွေရေး မဟာဗျူဟာများကို အကောင် အထည်ဖော်ခဲ့ကြောင်း သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည် အစိုးရစီမံခန့်ခွဲမှုအေဂျင်စီ တစ်ခုအနေဖြင့် အင်ဒိုနီးရှား၊ အာဖရိကနှင့် တရုတ်နိုင်ငံတို့ကဲ့သို့သော သမားရိုးကျ ဈေးကွက် များတွင် ကုန်သွယ်မှုလုပ်ငန်းများကို မြှင့်တင်ရန်အတွက် အာရုံစိုက်ဆောင်ရွက်လျက်ရှိသကဲ့သို့ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အမေရိကန်နှင့် မြောက်အမေရိကစသည့် ဈေးကွက်များ တွင် ဆန်မွှေးနှင့် အရည်အသွေးမြင့် ဆန်များအတွက် အထူးသီးသန့် ဈေးကွက်များကို လေ့လာ ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံသည် ယခင်နှစ်တွင် ဆန်တန်ချိန် ၈.၁၃ သန်း တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄.၆၇ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။
ဖိလစ်ပိုင်နိုင်ငံ၏ အဓိကဈေးကွက်မှ ဝယ်လိုအား မြင့်မားမှုကြောင့် ဗီယက်နမ်သည် ယခုနှစ်တွင် ဆန်တန်ချိန် ၈.၉ သန်း တင်ပို့နိုင်ဖွယ်ရှိကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) က ခန့်မှန်းထားကြောင်း သိရှိရပါသည်။ သို့သော် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၇.၃၅ သန်းခန့် ကျဆင်းသွားနိုင်ဖွယ်ရှိပြီး ကမ္ဘာ့တတိယနေရာတွင် ရပ်တည် နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။
Source: VOV
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)