International News

ဂျာမနီတွင်၂၀၄၀ ပြည့်နှစ်အထိ နှစ်စဉ် နိုင်ငံခြားသား အလုပ်သမား (၂၈၈,၀၀၀) ဦးခန့် လိုအပ်နေမည်ဖြစ်

Last Updated:

ဂျာမနီနိုင်ငံ၏ လုပ်သားအင်အားသည် ရေရှည်တွင် ရွှေ့ပြောင်းလုပ်သားများ လာရောက်မှု မရှိပါ က ၂၀၄၀ ပြည့်နှစ်မတိုင်မီတွင် ၁၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားနိုင်ကြောင်း Bertelsmann ဖောင်ဒေးရှင်းမှပြုလုပ်သော လေ့လာမှုတစ်ခုအရ သိရှိရပါသည်။

ယင်းလေ့လာမှုတွင် တစ်နှစ်လျှင် နိုင်ငံခြားသား ကျွမ်းကျင်လုပ်သား (၂၈၈,၀၀၀) ခန့်သာ ဝင်ရောက်လာမှုမရှိပါက ဂျာမန်လုပ်သားအင်အားပမာဏသည် လက်ရှိတွင် (၄၆.၄) သန်း ဝန်းကျင်မှ ၂၀၄၀ ပြည့်နှစ်တွင် (၄၁.၉) သန်းအထိ ကျဆင်းသွားနိုင်ကြောင်းနှင့် ၂၀၆၀ ပြည့်နှစ် တွင် (၃၅. ၁) သန်းအထိ ကျဆင်းသွားနိုင်ကြောင်း ဖော်ပြထားပါသည်။

အလုပ်သမားဈေးကွက်မှ အသက် (၆၀) ကျော်တန်း (baby boomers) များ အနားယူသွားခြင်း သည်  ကြီးမားသောစိန်ခေါ်မှုဖြစ်ကြောင်း Bertelsmann မှ migration expert ဖြစ်သူ     Mr. Susanne Schultz က ပြောကြားခဲ့သည်။ ဂျာမနီ၏ ပြည်တွင်းအခြေအနေ အလားအလာ ကောင်းနိုင်ရေးအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်မှုရှိရန် လိုအပ်ကြောင်း၊ သို့သော် လူဦးရေ အခြေအနေ အရ ရွှေ့ပြောင်းလုပ်သားများရှိရန်လည်း လိုအပ်ကြောင်း Schultz မှ ပြောကြားခဲ့သည်။

ပိုမိုဆိုးရွားနိုင်သော အချက်အလက်များကို အခြေခံထားသည့်  ဒုတိယစံပုံစံတစ်ခုတွင်မူ  ၂၀၆၀ ပြည့်နှစ်အထိ တစ်နှစ်လျှင် အလုပ်သမားဦးရေ (၂၇၀,၀၀၀) ခန့် လျော့နည်းသွားနိုင်သည့် အတွက် ၂၀၄၀ ပြည့်နှစ်အထိ နှစ်စဉ် ရွှေ့ပြောင်းလုပ်သား (၃၆၈,၀၀၀) ခန့် လိုအပ်နိုင်ကြောင်း တွက်ချက်ထားခဲ့ပါသည်။ ယခုအချိန်တွင် အလုပ်သမားရွှေ့ပြောင်းသွားလာမှုသည် လိုအပ်သည့် ပမာဏအောက်တွင် ရှိနေဆဲဖြစ်သဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အတားအဆီးအချို့ကို ဖယ်ရှားရန်လိုအပ်ပြီး ပြောင်းရွှေ့သွားလာခြင်းဆိုင်ရာ အခြေအနေကောင်းများကို ဖန်တီးပေးရန် လိုအပ်ကြောင်း Schultz က ဆက်လက် ပြောကြားခဲ့သည်။

ဂျာမနီပြည်ထဲရေးဝန်ကြီး Ms. Nancy Faeser က ဂျာမနီ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေသည် ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးဖြစ်ရမည်ဟုကတိပြုလျက် အရည်အချင်းပြည့်မီသော နိုင်ငံခြား လုပ်သားများ ဂျာမနီနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နိုင်ရေး အဆင်ပြေမှုရှိစေရန်နှင့် ၎င်းတို့ အား ဆွဲဆောင်နိုင်စေရန်ရည်ရွယ်လျက်  ဂျာမနီနိုင်ငံ၏ အလုပ်သမားများ ရွှေ့ပြောင်းနေထိုင်မှု ဆိုင်ရာ ဥပဒေအား ၂၀၂၃  ခုနှစ်တွင် ပြုပြင်ပြောင်းလဲ ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

သို့သော် Bertelsmann ဖောင်ဒေးရှင်းမှ ၎င်း၏ လေ့လာမှုအသစ်ကို ထုတ်ပြန်ရာတွင်  အဆိုပါ နိုင်ငံခြားသားအလုပ်သမားများသည် ဒေသအာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းများက ၎င်းတို့ အပေါ် နွေးထွေးစွာ ကြိုဆိုဆက်ဆံမှုနှင့် ဂျာမနီတွင် ရေရှည်နေထိုင်ခွင့်ရရှိရန် မျှော်လင့်ချက်တို့ မရှိပါက ဂျာမနီသို့  လာရောက်ကြမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တစ်ဖက်တွင်မူ ဂျာမနီသည် နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားများကို ဆွဲဆောင်နေဆဲပင် ဖြစ်ကြောင်းနှင့် ယင်းကိစ္စအပေါ် လေးနက်စွာ စဉ်းစားဆုံးဖြတ်ရန် လိုအပ်ကြောင်း ၂၀၁၆ ခုနှစ် တွင် ဆီးရီးယားပြည်တွင်းစစ်အတွင်းမှ ထွက်ပြေးလာသော အသက်(၂၁)နှစ်အရွယ်ရှိ ဆီးရီးယား ဒုက္ခသည်တစ်ဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။ ၎င်းသည် ဂျာမနီအနောက်ပိုင်းရှိ တက္ကသိုလ်များ တွင် Bachelor Degree နှင့် Master Degree များကို ရယူခဲ့ပြီးသည့်နောက် လက်ရှိတွင် IT ပညာရှင်တစ်ဦးဖြစ်လာသောအခါ ဆွစ်ဇာလန်နိုင်ငံသို့ ပြောင်းရွှေ့သွားခဲ့ကြောင်း၊ အဆိုပါ ကျောင်းသားက ၎င်းအနေဖြင့် ဂျာမနီတွင် အကောင်းဆုံး နေထိုင်ခဲ့သော်လည်း ခွဲခြားဆက်ဆံ ခြင်းများနှင့် ငြင်းပယ်ခံရခြင်းများကို ကြုံတွေ့ခဲ့ရပြီး အချိန်ပိုင်းအလုပ်ကို လုပ်ကိုင်၍ အမြဲတမ်း အလုပ်ရရှိရန် စောင်းဆိုင်းခဲ့သော်လည်း အမြဲတမ်းအလုပ်မရခဲ့ဟု ပြောကြားခဲ့ကြောင်း ဂျာမန် DPA သတင်းဌာနက ယင်းကိစ္စကို ကိုးကားဖော်ပြထားခဲ့သည်။

လေ့လာဆန်းစစ်ချက်အရ လုပ်သားအင်အားကျုံ့သွားခြင်း၏ အကျိုးသက်ရောက်မှုနှင့် ဂျာမနီ တစ်ဝှမ်းတွင် ကွဲပြားစွာ ခံစားနေကြရသော ကွာဟချက်များအား စေ့စပ်ညှိနှိုင်းနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခြေအနေကောင်းများလိုအပ်ကြောင်း Mr. Schultz က ပြောကြား ခဲ့သည်။

လုပ်သားအင်အား ပျမ်းမျှ ၁၀ ရာခိုင်နှုန်းခန့်  ကျဆင်းခဲ့ခြင်း၏ အကျိုးသက်ရောက်မှုသည် နိုင်ငံ ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် North Rhine-Westphalia ၊ ယခင်က အရှေ့ဂျာမနီတွင် ပါဝင်ခဲ့ပြီး လူဦးရေအနည်းဆုံး ပြည်နယ်များဖြစ်ကြသည့်  Thuringia နှင့် Saxony-Anhalt တို့ ကဲ့သို့သော ပြည်နယ်များနှင့် ပြင်သစ်နယ်စပ်ရှိ Saarland ကဲ့သို့သော ပြည်နယ်များကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။ Bavaria နှင့် Baden-Württemberg ကဲ့သို့သော အစဉ်အလာအရ ကောင်းမွန်သော ဂျာမနီတောင်ပိုင်းဒေသများပင်လျှင် လုပ်သားအင်အားကျဆင်းခြင်း၏ ရိုက်ခတ်မှု မှ လုံးဝလွတ်ကင်းနိုင်မည်မဟုတ်ကြောင်းနှင့် ဟမ်းဘတ်နှင့် ဘာလင်တို့ကဲ့သို့သော မြို့ကြီးများ တွင်မူ အပျက်သဘောဆောင်သည့် သက်ရောက်မှု နည်းပါးလိမ့်မည်ဖြစ်ကြောင်း လေ့လာမှုအရ သိရှိရပါသည်။

 

Source:      https://www.dw.com/en/germany-needs-288000-foreign-workers-annually-until- 2040-study/a-70885279

စီးပွားရေးသံမှူး၊ ဘာလင်

Category: International News