ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ကကတစ်ငါးပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ကကတစ်ငါးပိဿာချိန် ၅၀၀၀၀ ထိ တင်ပို့ ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကကတစ်ငါးပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း အဆိုပါ ကကတစ်ငါးတစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ မှ ၂၂၀၀၀ ထိ ပေါက် ဈေးရှိနေကြောင်း သိရသည်။ “ဖျာပုံမြို့နယ်ကနေ ပြီးခဲ့တဲ့တစ်လအတွင်း ကကတစ်ငါးပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က အဝယ်လိုက်ခဲ့လို့ တင်ပို့ရောင်းအားတက်ခဲ့တာပါ။ တင်ပို့အား တက်တော့ ကုန်သွယ်လုပ်ငန်း ၊ ရေလုပ်ငန်းလုပ်တဲ့သူတွေ အဆင်ပြေတဲ့အခြေအနေဖြစ်ပါတယ်”ဟု ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲ ရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြသည်။ အဆိုပါဈေးကွက်ဝင် ကကတစ်ငါးများသည် ပုံမှန်အားဖြင့် ခန္ဓာကိုယ်အလျား ၂၅ မှ ၁၀၀ စင်တီမီတာအတွင်းရှိပြီး အကြီးဆုံးမှာ စင်တီမီတာ ၂၀၀ ထိရှိပြီး ကကတစ်ငါးများကို ရေချိုတွင်လည်းကောင်း၊ ရေငန်တွင်လည်းကောင်း စီးပွားဖြစ်မွေးမြူကြပြီး မြေကန်များနှင့် မြစ်ချောင်းများတွင် လှောင်အိမ်များဖြင့်လည်း မွေးမြူကြကြောင်း၊ အဆိုပါ ကကတစ်ငါးများကို သုံးလက်မ သို့မဟုတ် လေးလက်မအရွယ် မှ စတင်မွေးမြူပါက ခုနှစ်လအကြာတွင် ပျမ်းမျှအလေးချိန် ဂရမ် ၇၅၀ ထိ ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ