International News

ထိုင်းနိုင်ငံ၌ အငယ်စား ဆန်ကုန်သည်များအတွက် အခက်အခဲများကျန်ရှိနေဆဲ

Last Updated:

ထိုင်းနိုင်ငံ၌ ဇန်နဝါရီလ နှောင်းပိုင်းတွင် ပြောင်းလဲလာဖွယ်ရှိသည့် ဆန်ကုန်သွယ်မှု မူဝါဒ အပြောင်းအလဲအပေါ် ထောက်ခံသော်လည်း အငယ်စားလုပ်ငန်းများတွင် နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လုပ်ငန်းငယ်များ၏ ဆန်တင်ပို့မှုနှင့် တောင်သူများအတွက် အခွင့်အလမ်းများ တိုးမြှင့်ရရှိရန် ရည်ရွယ်၍ ဆန်ကုန်သွယ်မှုနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းအပေါ် ကော်မတီက ခွင့်ပြုခဲ့ပြီးဖြစ် ကြောင်း၊ ထို့ပြင် လက်ဝါးကြီးအုပ်သည့်ပုံစံများကိုလည်း ဖြိုခွင်းသွားမည်ဖြစ်ကြောင်း၊ ပို့ကုန်လုပ်ငန်း ရှင် များအတွက် ဆန်လက်ကျန်လိုအပ်ချက်များကိုလည်း ချိန်ညှိသွားမည်ဖြစ်ရာ ဇန်နဝါရီလကုန်တွင် အသက်ဝင်မည်ဖြစ်ကြောင်း၊ တောင်သူအုပ်စုများနှင့် သမဝါယမအသင်းသားများသည် ဆန်လက်ကျန် ထားရှိရန် မလိုအပ်တော့ဘဲ လုပ်ငန်းငယ်များအနေဖြင့် ဘတ် ၁၀ သန်းအထက် မတည်ရင်းနှီးငွေဖြင့် မှတ်ပုံတင်ထားပါက ဆန်လက်ကျန်လိုအပ်ချက် ယခင် တန်ချိန် ၅၀၀ မှ ယခု အခါတွင် တန်ချိန် ၁၀၀ သို့ လျှော့ချသတ်မှတ်ပေးခဲ့ကြောင်း ဝန်ကြီးက ၁၉၄၆ ဆန်ကုန်သွယ်မှုအက်ဥပဒေ (အပိုင်း ၁/၂၀၂၅) ၏ ပထမအကြိမ်လုပ်ငန်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခုမူဝါဒသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို လျှော့ချပေးသဖြင့် ပို့ကုန်လုပ်ငန်းရှင်များကလည်း ထောက်ခံသဘောတူညီကြပါကြောင်း၊ မူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ပါက စိန်ခေါ်မှုများစွာ ကြုံတွေ့ရနိုင်ပါကြောင်း၊ ပို့ကုန်ဈေးကွက်များ ရှာဖွေခြင်းနှင့် အလုပ်လုပ်ကိုင်ရန် အရင်းအနှီးရရှိရေးသည် ဆန်ကုန်သည်များအတွက် အရေးကြီးပါ ကြောင်း၊ မူဝါဒကို ပိုမိုအသက်ဝင်စေလိုပါက အစိုးရအနေဖြင့် အတိုးမဲ့ဘဏ္ဍာငွေ ရင်းမြစ်များကို ဆောင်ရွက်ပေးစေလိုပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဆန်ကုန်သွယ်မှုကို ထိရောက်စွာ ဝင်ရောက်နိုင်ရန်ဖြစ်ကြောင်း ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Chookiat Ophaswongse က သုံးသပ်အကြံပြုခဲ့သည်။

လုပ်ထုံးလုပ်နည်းအသစ်တွင် ဆန်ပို့ကုန်ခွင့်ပြုမိန့်အတွက် အခကြေးငွေကို ပြန်လည်သုံးသပ် လျက်ရှိကြောင်း၊ တောင်သူအုပ်စုများနှင့် သမဝါယမအသင်းသားများသည် ပို့ကုန်ခွင့်ပြုမိန့် အခကြေး ငွေပေးချေရခြင်းမှ ကင်းလွတ်ခွင့်ရှိပါကြောင်း၊ မတည်ရင်းနှီးငွေ ဘတ် ၁၀ သန်းဖြင့် မှတ်ပုံတင်ထား သော အထွေထွေပို့ကုန်ခွင့်ပြုမိန့်အတွက် လျှောက်ထားလာသည့် အသေးစားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများအတွက် ခွင့်ပြုမိန့်အခကြေးငွေကို ယခင် ဘတ် ၅၀,၀၀၀ မှ ဘတ် ၁၀,၀၀၀ သို့  လျှော့ ချခဲ့ကြောင်း၊ မတည်ရင်းနှီးငွေ ဘတ် ၁၀ သန်းမှ သန်း ၂၀ ကြား ကုမ္ပဏီများအတွက် ဘတ် ၃၀,၀၀၀၊ ၁၂ ကီလိုဂရမ် ဆန်အိတ်များ ထုပ်ပိုးတင်ပို့သည့် လုပ်ငန်းရှင်များသည် ယခင် ဘတ် ၂၀,၀၀၀ မှ ယခု ဘတ် ၁၀,၀၀၀ အသီးသီး ပြင်ဆင်သတ်မှတ်ပေးခဲ့ပြီး အဆင့်ဆင့်ခွင့်ပြုချက် ရရှိပါက မတ်လတွင် အပြီး သတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

နောက်တစ်ဆင့်အနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ထုတ်လုပ် ရန်နှင့် ကမ္ဘာ့ဈေးကွက်သို့ ယှဉ်ပြိုင်စေလိုကြောင်း၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံ ရေး နှစ် ၅၀ ပြည့်အခမ်းအနားကို တရုတ်နိုင်ငံတွင် ကျင်းပမည်ဖြစ်ရာ ဝန်ကြီးချုပ် ကိုယ်တိုင် တက်‌ ရောက်မည်ဖြစ်ပြီး ခရီးစဉ်တွင် ယခင်ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra အစိုးရ လက်ထက် အစိုးရ အချင်းချင်းအစီအစဉ်ဖြင့် ဆန်တန်ချိန် ၁ သန်း တင်ပို့ခြင်းမှ ဆန်တန်ချိန် ၂၈၀,၀၀၀ ပေးပို့ခဲ့မှု အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပေးပို့မှုကို ယခုနှစ်အတွင်း အပြီးသတ်ရန် တရုတ်နိုင်ငံ အနေ ဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး Mr. Pichai က ဆက်လက်ပြောကြားခဲ့ သည်။  

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News