International News

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ပိုမိုဆွဲဆောင်လျက်ရှိနေပါကြောင်းနှင့် နိုင်ငံခြား ငွေကြေးထောက်ပံ့သည့် လုပ်ငန်းအရေအတွက် မြင့်တက်လာကြောင်း စီးပွားရေးဝန်ကြီးဌာနပြော

Last Updated:

တရုတ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအချို့ ဝင်ရောက်လာခြင်းနှင့် ထွက်ခွာခြင်းတို့ ရှိနေသော်လည်း နိုင်ငံခြား ငွေကြေးထောက်ပံ့သည့် လုပ်ငန်းအရေအတွက် သည် မြင့်တက်လာလျက်ရှိပါကြောင်း တရုတ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MOFCOM) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် နှစ်ကုန်အထိ တရုတ်နိုင်ငံတွင် လက်ရှိ နိုင်ငံခြား ငွေကြေးထောက်ပံ့သည့် လုပ်ငန်း (foreign-funded enterprises) အရေအတွက်သည် ၄၆၅,၀၀၀ ခုရှိပြီး ၂၀၁၉ ခုနှစ်က အချက်အလက်နှင့် နှိုင်းယှဉ်ပါက ၄၆,၀၀၀ ခု တိုးလာသည်။ ၂၀၂၄ခုနှစ်တွင် နိုင်ငံခြား ငွေကြေးထောက်ပံ့သည့် လုပ်ငန်း ၅၉,၀၀၀ ကို တရုတ်နိုင်ငံတွင် စတင်တည်ထောင်နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၉ ဒသမ ၉ ရာခိုင်နှုန်း တိုးလာကြောင်း MOFCOM ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး Zhu Bing က သတင်းစာရှင်းလင်းပွဲ တစ်ခု တွင် ပြောကြားခဲ့သည်။

နိုင်ငံအသီးသီးမှ ကုမ္ပဏီများ ဝင်ရောက်ခြင်းနှင့် ထွက်ခွာခြင်း ရှိနေသော်လည်း တရုတ်နိုင်ငံတွင် နိုင်ငံခြားငွေကြေးထောက်ပံ့သည့် ကုမ္ပဏီအရေအတွက် တိုးလာနေပါ ကြောင်းနှင့် အဆိုပါအချက်အလက်များအရ တရုတ်နိုင်ငံ၏ ဈေးကွက်သည် နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုများကို အလွန်ဆွဲဆောင်မှုရှိနေဆဲဖြစ် ကြောင်း Zhu က ပြောခဲ့သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ခြင်းနှင့် ဖော်ဆောင်ခြင်းသည် တရုတ်နိုင်ငံ၏ ပြည်ပလုပ်ငန်းများအတွက် ဖွင့်ပေးသည့် မူဝါဒ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် တရုတ်နိုင်ငံတကာ ကုန်သွယ်မှု ဆိုင်ရာ လက်ထောက်ကိုယ်စားလှယ် Ling Ji က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

MOFCOM ၏ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၌ တည်ထောင်ထားသော နိုင်ငံခြား ငွေကြေးထောက်ပံ့သည့် ကုမ္ပဏီအရေအတွက်သည် ၁ ဒသမ ၂၄ သန်း ကျော်ရှိ ကြောင်း၊ အမှန်တကယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ယွမ် ၂၀ ဒသမ ၆ ထရီလီယံ (အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၈၃ ထရီလီယံ) ရှိကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်း မြင်သာမှု ကို အကျိုးခံစားခွင့်ရရှိစေမည့် သက်သေအဖြစ် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံ သည် အရည်အသွေး မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံခေတ်မီတိုးတက်ရေးကို မြှင့်တင်သွားရန် ကတိပြုထားပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ခြင်းသည် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေဦး မည်ဖြစ်ပါကြောင်းနှင့် ယခုအခါ နိုင်ငံ ခြား ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများသည် တရုတ်နိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်း ၇ ရာခိုင် နှုန်း နီးပါး ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံအခွန်ငွေ၏ ခုနစ်ပုံတစ်ပုံနှင့် သွင်းကုန်နှင့် ပို့ကုန်များ၏ သုံးပုံတစ်ပုံခန့်ကို ပံ့ပိုးပေးလျက်ရှိကြောင်း Ling ၏ ပြောကြားချက်အရ သိရှိရသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှုများ ကြားတွင် တရုတ်ပြည်မကြီး၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) သည် ကျဆင်းလာခဲ့သော်လည်း တိုးတက်မှု လက္ခဏာများ စတင်ထွက်ပေါ်လာနေ ပြီဖြစ်ကြောင်းနှင့် တရုတ်ပြည်မကြီး၏ FDI သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမှန်တကယ်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ယွမ် ၉၇ ဒသမ ၅၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆၁ ဘီလီယံခန့်) ရှိခဲ့ပြီး ယခင်လ ထက် ၂၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် လမ်းကြောင်းသစ်အတွက် အထောက်အကူ ဖြစ်စေသော အချက်အလက် အချို့မှာ နှေးကွေးနေသေးကြောင်း၊ ပြင်ပပတ်ဝန်းကျင် အခြေအနေသည် ပြင်းထန်၍ ရှုပ်ထွေးပါကြောင်း၊ ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများ ပြင်းထန်လာပြီး တစ်ဖက်သတ်ဝါဒ (unilateralism)နှင့် အကာအကွယ် ပေးရေးဝါဒ (protectionism) များ သိသိသာသာ မြင့်တက်လာကြောင်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဆွဲဆောင်ရာ၌ တရုတ်နိုင်ငံအပေါ် ယင်းကဲ့သို့သော အကြောင်းရင်းများ၏ သက်ရောက်မှုများ ကို လျှော့ တွက်၍ မရနိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

စီမံချက်အသစ် (New Action Plan) ထုတ်ပြန်ခြင်း

တရုတ်နိုင်ငံအနေဖြင့် ကဏ္ဍအသီးသီးတွင် စျေးကွက်ဝင်ရောက်မှုကို ပိုမိုချဲ့ထွင်ခြင်း နှင့် ရင်းနှီး မြှုပ်နှံမှုကို မြှင့်တင်ရန် ပိုမိုအားထုတ်ကြိုးပမ်းခြင်း အပါအဝင် ကဏ္ဍလေးခု၌ သီးခြားဆောင်ရွက်မှု ၂၀ ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေရန် စီမံချက်အသစ်ကို ၁၉-၂-၂၀၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်ကောင်စီအထွေထွေရုံး (General Office of the State Council) ၏ ထုတ်ပြန်ချက်အရ အဆိုပါစီမံချက်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်တို့ ပူးပေါင်းရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်တွင် တည်ငြိမ်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဖော်ဆောင်နိုင်ရန် ရေးဆွဲခဲ့ သည့် စီမံချက်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အဆင့်အတန်းမြင့်သော ပွင့်လင်းမြင်သာမှုကို မြှင့်တင်ခြင်း၏ အဓိက ကျသော ကဏ္ဍတစ်ခုဖြစ်ပါကြောင်းနှင့် အရည်အသွေးပြည့်ဝသော ထုတ်လုပ်မှု စွမ်းအားသစ်များကို မြှင့်တင်ရန်နှင့် တရုတ်၏ ခေတ်မီမှု (Chinese moderniza tion) ကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိရသည်။

စီမံချက်တွင် တရုတ်နိုင်ငံသည် တန်ဖိုးမြှင့် ဆက်သွယ်ရေး (value-added telecommunication)၊ ဇီဝနည်းပညာ (biotechnology) နှင့် နိုင်ငံခြားသားပိုင်ဆေးရုံ (wholly foreign-owned hospitals) များ ကဲ့သို့သော နယ်ပယ်များနှင့် ဆက်စပ်သည့် ပွင့်လင်းမြင်သာမှု မူဝါဒများ (opening-up policies) ကို ထိထိရောက်ရောက် အကောင် အထည်ဖော်ရာ၌ ကနဦးဒေသများ (pilot regions) သို့ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

အဆိုပါ စီမံချက်သည် ဝန်ဆောင်မှုလုပ်ငန်းကို ပိုမိုဖွင့်လှစ်ရန်နှင့် ဇီဝဆေးဘက်ဆိုင်ရာ ကဏ္ဍကို စနစ်တကျဖွင့်လှစ်နိုင်မှုကို မြှင့်တင်ရန် အမျိုးသားရှေ့ပြေးအစီအစဉ် (national pilot program) ကို တိုးချဲ့ ကြိုးပမ်းဆောင်ရွက်ရန်အတွက် အဆိုပြုထားသည်။

ထို့အပြင် အဆိုပါစီမံချက်တွင် အစိုးရ၏ ပြည်တွင်းထုတ်ကုန်များ ဝယ်ယူရေးဆိုင်ရာ စံနှုန်းများကို ရှင်းရှင်းလင်းလင်းဖော်ပြရန်နှင့် တရုတ်နိုင်ငံအတွင်း မတူညီသော ပိုင်ဆိုင်မှု လုပ်ငန်းရှင်များ၏ ထုတ်လုပ်သော ကုန်ပစ္စည်းများအတွက် အစိုးရဝယ်ယူရေး အစီအစဉ်များ တွင် တန်းတူညီမျှ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး အစီအမံများကို အဆိုပြုထားသည်။

စီမံချက်အရ အစီအမံများနှင့် မူဝါဒများအားလုံးကို ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ၎င်းသည် တရုတ်နိုင်ငံအစိုးရ၏ ယုံကြည်မှုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဆွဲဆောင်ခြင်းနှင့် ဖိတ်ခေါ် ခြင်း၏ မြင့်မားသောအဆင့်ကို ထိန်းသိမ်းထားနိုင်ခြင်းကို အပြည့်အ၀ သက်သေပြနိုင်မည် ဖြစ် ပါကြောင်း Ling က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို တည်ငြိမ်စေမည့် မူဝါဒများကို အကျွမ်းတဝင်ရှိသည့် စီမံချက်သည် တရုတ်နိုင်ငံရှိ နိုင်ငံခြားငွေကြေးထောက်ပံ့သည့် ကုမ္ပဏီများအတွက် အခွင့် လမ်း သစ်ကြီးတစ်ခု ဖော်ဆောင်ပေးမည့် တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်ကို ပေါ်လွင်စေကြောင်း တရုတ်အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအကယ်ဒမီ (Chinese Academy of International Trade and Economic Cooperation) မှ အကြီးတန်းသုတေသနပညာရှင် Zhou Mi က ပြောကြားခဲ့သည်။

ယင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံစုံကတိကဝတ်များကို လေးစားလိုက်နာခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများအပေါ် နိုင်ငံ၏ ဆက်ဆံမှုကို ဖော်ပြခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလား အလာများ ပိုမိုဖန်တီး ပေးခြင်းနှင့် ကမ္ဘာကြီးကို ပိုမိုတည်ငြိမ်ပြီး အန္တရာယ်နည်းသော ဦးတည် ရာကို ခေါ်ဆောင်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုအားလုံးအတွက် ၎င်းတို့၏ စိုရိမ်မှုများကို ဖြေရှင်းပေးခြင်း ဟု ဆိုလိုပါကြောင်း Zhou က ဖော်ပြခဲ့သည်။

အဆိုပါစီမံချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ ဥရောပသမဂ္ဂ ကုန်သည် ကြီးများ အသင်း (European Chamber) က ယခုစီမံချက်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် စီးပွားရေး ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ မကြာသေးမီနှစ်များ အတွင်း ချမှတ်ခဲ့သည့် တရုတ်အစိုးရ၏ ကတိကဝတ်များကို ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း ၎င်းတို့၏ ကြေညာချက်တွင်ဖော်ပြခဲ့သည်။ ဥရောပ ကုန်သည်ကြီး များ အသင်းအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအမံများနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အချိန်ဇယားများကို ဆက်လက်ထုတ်ပြန်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အလားအလာရှိမှု

တရုတ်နိုင်ငံရှိ နိုင်ငံခြားကုန်သည်ကြီးများအသင်း၏ လတ်တလော အစီရင်ခံစာများ အပါအဝင် အချက်အလက်များစွာ၏ ဖော်ပြချက်များအတိုင်း ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အလားအလာသည် အလားအလာကောင်းများရှိကြောင်း တွေ့ရှိရ သည်။

စစ်တမ်းကောက်ယူထားသည့် အမေရိကန် စီးပွားရေးလုပ်ငန်းများ၏ ထက်ဝက်ကျော် သည် ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ တရုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးလာမည်ဟု မျှော်မှန်းထားကြောင်း တရုတ်နိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများအသင်း၏ China Business Climate Survey Report တွင် ဖော်ပြထားသည်။

အလားတူ တရုတ်နိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသော ဗြိတိန်စီးပွားရေး လုပ်ငန်းများ၏ သဘောထားအပေါ် မကြာသေးမီက ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုအရ တရုတ်နိုင်ငံတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုသည် တည်ငြိမ်နေပြီ ဖြစ်ကြောင်း၊ စစ်တမ်းကောက် ယူခဲ့သည့် ကုမ္ပဏီများ၏ ၇၆ ရာခိုင်နှုန်း သည် တရုတ်နိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် ထိန်းသိမ်းထားမည် သို့မဟုတ် တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။

တရုတ်နည်းပညာကုမ္ပဏီများအနေဖြင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော နယ်ပယ် များတွင် သိသာ ထင်ရှားသော ထိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်လာခြင်းကြောင့် နိုင်ငံခြား ငွေရေးကြေးရေး အဖွဲ့အစည်း များစွာသည် တရုတ်ဈေးကွက်ကို အာရုံစိုက်နေကြကြောင်းနှင့် မကြာသေးမီက Goldman Sachs၊ Deutsche Bank နှင့် HSBC ကဲ့သို့သော ကုမ္ပဏီများအားလုံးသည် တရုတ်နိုင်ငံ၏ နည်းပညာနယ်ပယ်၌ ဖွံ့ဖြိုးတိုးတက်မှု အလား အလာနှင့် တရုတ်စျေးကွက်၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုရှိသည်ကို ပြသခဲ့ကြ ကြောင်း Economic Daly အစီရင်ခံစာတင် ဖော်ပြခဲ့သည်။

တရုတ်ဈေးကွက်၏ ကြီးမားသော အလားအလာများကြောင့် တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပင်မအခြေအနေတစ်ခု ရှိနေဆဲဖြစ် ကြောင်း၊ တရုတ်နိုင်ငံ၏ အရည် အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ၎င်း၏မူဝါဒသည် နိုင်ငံခြား လုပ်ငန်းများအတွက် အခွင့်အလမ်းများစွာကို စွမ်းဆောင်ပေးလျက်ရှိကြောင်းနှင့် စွမ်းအင် သစ်နယ်ပယ်တွင်ဖြစ်စေ ဉာဏ်ရည်တုနယ်ပယ်တွင်ဖြစ်စေ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီး ဆုံး  နည်းပညာဆိုင်ရာအခြေအနေများ (world's largest application scenarios) ပိုင်ဆိုင် ထားကြောင်း ဒစ်ဂျစ်တယ်-မှန်ကန်သောစီးပွားရေးပေါင်းစည်းမှုဖိုရမ် ၅၀ (digital-real economies integration Forum 50) ၏ ဒုတိယအထွေထွေအတွင်းရေးမှူး Hu Qimu က ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းထောက်ပံ့ရေး ကွင်းဆက်သည် များစွာပြည့်စုံနေပြီ ဖြစ်ကြောင်း၊ ၎င်း၏ ကြီးမားသော ထုတ်လုပ်မှုစွမ်းရည်သည် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ပြဿနာ များကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်စေရန် ကူညီပေးလျက်ရှိကြောင်း၊ ယင်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်အား ထက်သန်သော မည်သည့်ကုမ္ပဏီအတွက်မဆို လက်လွတ်မခံသင့်သော စျေးကွက်တစ်ခုဖြစ် ပါကြောင်း Hu က ပြောကြားခဲ့သည်။

တစ်ဖက်သတ်ဝါဒ (unilateralism) နဲ့ ကုန်သွယ်မှု အကာအကွယ်ပေးရေးဝါဒ (trade protectionism) များကြောင့် မသေချာမရေရာမှုများ အပါအဝင် နှစ်သစ်တွင် နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုများ  တည်ငြိမ်စေရန်အတွက် စိန်ခေါ်မှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံ စျေးကွက်၏ ထူးခြားကြီးမားလှသည့် သဘာ၀အခြေအနေသည် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အတွက် ဖွံ့ဖြိုးလာစေရန် လုံလောက်သည့် အခြေအနေများ ပေးစွမ်းနိုင်ခြင်းကြောင့် တရုတ် နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပံ့ပိုးခြင်းတွင် အားကောင်းလာပြီး တရားမျှတသော ပြိုင်ဆိုင်မှုကို မြှင့်တင်ပေး၍ ပိုမိုခန့်မှန်းနိုင်တဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ပံ့ပိုးပေးလျက်ရှိ ကြောင်း Zhou က ပြောကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တည်ငြိမ်စေရန် တရုတ်နိုင်ငံ၏ မူဝါဒများကို ခိုင်မာအား ကောင်းအောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် ယခုနှစ်အတွင်း ဆက်လက်တည်ငြိမ်ပြီး တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း ကျွမ်းကျင်သူက သုံးသပ်ခဲ့သည်။

 

အရင်းအမြစ်။ http://en.people.cn/n3/2025/0221/c90000-20279876.html

စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို။

Category: International News