International News

အမေရိကန် ရွေးကောက်ခံသမ္မတ Mr. Donald Trump ၏ နိုင်ငံခြားကုန်သွယ်မှု မူဝါဒများကြောင့် ထိုင်းပို့ကုန်ကဏ္ဍအပေါ် သက်ရောက်လာနိုင်သည်ကို University of Thai Chamber of Commerce (UTCC) က သုံးသပ်ပြောကြားခဲ့

Last Updated:

အမေရိကန် ရွေးကောက်ခံသမ္မတ Mr. Donald Trump ၏ နိုင်ငံခြားကုန်သွယ်မှု မူဝါဒများ ကြောင့် ထိုင်းပို့ကုန်ကဏ္ဍနှင့် စီးပွားရေးအပေါ် ပိုမိုကျယ်ကျယ်ပြန့်ပြန့် သက်ရောက်လာနိုင်ကြောင်း University of Thai Chamber of Commerce (UTCC) က သုံးသပ်ပြောကြားခဲ့ပါသည်။

နိုဝင်ဘာလ ၅ ရက်နေ့ အမေရိကန်ရွေးကောက်ပွဲတွင် Trump ရွေးကောက်ခံအနိုင်ရရှိလာခဲ့ပြီး အမေရိကန်သို့ တင်ပို့သည့် သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်ဟု ပြောဆိုခဲ့ရာ နိုင်ငံ အများစုက ၎င်းတို့၏ စီးပွားရေးများအပေါ် သက်ရောက်မှုများကို စဉ်းစားလျက်ရှိကြကြောင်း၊ အမေရိ ကန်နှင့် ကုန်သွယ်မှု ပိုငွေဖြစ်ပေါ်နေသော နိုင်ငံများအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံ ရန် အဆိုပြုခဲ့ပြီး တရုတ်သည် သွင်းကုန်ခွန် ၆၀ ရာခိုင်နှုန်း ကောက်ခံရနိုင်ကြောင်း၊ အဆိုပါ ပုံစံတွင် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လျက်ရှိသော မက္ကဆီကို၊ တရုတ်နှင့် ဥရောပ သမဂ္ဂတို့ ပါဝင် နိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေဖြစ်ပေါ်နေသော အဆင့် ၉ ရှိသည့် နိုင်ငံ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ပထမ ၈ လအတွင်း အမေရိကန်ဒေါ်လာ ၂၂.၃ ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။

အခွန်နှုန်းထား တိုးမြှင့်လိုက်ခြင်းသည် အီလက်ထရောနစ်၊ ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ၊ ပြုပြင်ပြီးအစားအစာများ၊ သတ္တုထုတ်ကုန်များနှင့် ရာဘာထုတ်ကုန်များအပါအဝင် ထိုင်းထုတ်ကုန်များ အပေါ် တိုက်ရိုက် သက်ရောက်နိုင်ပါကြောင်း၊ ထို့ပြင် တရုတ်သို့ ချိတ်ဆက်နေသော ထောက်ပံ့မှု ကွင်း ဆက်ကိုလည်း သက်ရောက်နိုင်သဖြင့် ထိုင်းနိုင်ငံအနေဖြင့် ဆုံးရှုံးနိုင်ချေကို ခွဲခြားနိုင်ရန် အလို့ငှာ အခြားဈေးကွက်များသို့ တိုးချဲ့ရန်ဖြစ်ကြောင်း၊ တရုတ်သည်ဈေးကွက်သစ် ရှာဖွေနေသောကြောင့် တန်ဖိုးနည်း၊ အရည်အသွေးနိမ့်ပစ္စည်းများ၏ ယှဉ်ပြိုင်မှုလည်း မြင့်တက်လာပါကြောင်း၊ အခွန်နှုန်းထား တိုးမြှင့်လိုက်ခြင်းသည် အမေရိကန်နှင့် အခြားသော စီးပွားရေးများကို ထိခိုက်နိုင်သည်ဟု စီးပွားရေး ပညာရှင်များနှင့် သုတေသနပညာရှင်များက သုံးသပ်ထားပါသည်။

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း၊ ကုန်သွယ်ရေးအကန့်အသတ်များ မြင့်တက်လာပါက ထိုင်းပို့ကုန်သည် ၀.၈၇ ရာခိုင်နှုန်း ကျဆင်းနိုင် ကြောင်း၊ သို့သော် ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်ရှိ တရုတ်ထုတ်ကုန်များ နေရာတွင် အစားထိုးခြင်း ဖြင့် ဈေးကွက်ဝေစုကို တိုးချဲ့နိုင်သည့် အခွင့်အလမ်းရှိပါကြောင်း၊ ယခုနှစ်အတွင်း ပို့ကုန် တိုးတက်မှု နှုန်းကို အစိုးရ၏ ခန့်မှန်းချက် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းကို ကျော်လွန်၍ ၃.၂ ရာခိုင်နှုန်း ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း UTCC ဥက္ကဋ္ဌ Mr. Thanavath Phonvichai က ပြောကြားခဲ့ပါသည်။

၂၀၂၅ ခုနှစ်အတွက် ပို့ကုန်တိုးတက်မှုသည် ပို့ကုန်တန်ဖိုးခန့်မှန်းချက်မှာ အမေရိကန်ဒေါ်လာ ၃၀၂ ဘီလီယံဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေး နှင့် ကမ္ဘာ့စီးပွားရေး တိုးချဲ့လာမှု၊ ငွေကြေးဖောင်းပွမှု ကျဆင်းလာမှု၊ အတိုးနှုန်းလျှော့ချလာမှုနှင့် နိုင်ငံများတွင် စားသုံးမှုပြန်လည်ကောင်းမွန်လာမှုတို့ ကြောင့် ဖြစ်ကြောင်း၊ အမေရိကန်၏ သွင်းကုန်ခွန်တိုးမြှင့်မှု၊ ပထဝီဝင်နိုင်ငံပဋိပက္ခမြင့်တက်လာမှုနှင့် အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့၏ စီးပွားရေးကျဆင်းလာမှုတို့ကြောင့် ထိုင်းပို့ကုန်သည် စိန်ခေါ်မှုများ စွာ ရင်ဆိုင်ရနိုင်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း အဓိက ပို့ကုန်များတွင် အီလက်ထရောနစ်၊ ရာဘာနှင့် ရာဘာထုတ်ကုန်များ၊ ယန္တရား၊ လတ်ဆတ်နှင့် အေးခဲသစ်သီးများနှင့် ကျောက်မျက်ရတနာတို့ဖြစ်ပြီး အဓိက ပို့ကုန်ဈေးကွက်များမှာ အမေရိကန်၊ အရှေ့တောင်အာရှ၊ ဥရောပ၊ အိန္ဒိယနှင့် ဩစတြေးလျတို့ ဖြစ်ကြောင်း Mr. Thanavath က ဆက်လက်ပြောကြားခဲ့ပါသည်။

လက်ရှိကုန်သွယ်ရေးပဋိပက္ခများကြောင့် လုပ်ငန်းရှင်များသည် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်းကို ကြောက်ရွံ့သဖြင့် ကုန်စည်များကို သိုလှောင်ထားနိုင်ရာ လာမည့်နှစ်သည် မသေချာမှုများ ရှိနေပါ ကြောင်း၊ ထိုင်းအစိုးရအနေဖြင့် စီးပွားရေးကို လှုံ့ဆော်ပေးရန်အတွက် “Shop Dee Mee Kuen” (ဈေးဝယ်နှင့်ပြန်ပေးသည့်အစီအစဉ်)ကို ဆောင်ရွက်စေလိုကြောင်း Mr. Thanavath က အကြံပြုထား ပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News