International News

နယ်စပ်ဖြတ်ကျော် PM2.5 ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အစီအမံများကို ပြောင်းမူဝါဒနှင့် စီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြနိုင်ရေးအတွက် ထိုင်းနိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက ဆောင်ရွက် လျက်ရှိ

Last Updated:

နယ်စပ်ဖြတ်ကျော် PM2.5 ကြိုတင်ကာကွယ်မှုနှင့် စပ်လျဉ်းသည့် အစီအမံများကို ထိုင်းနိုင်ငံ ပြောင်းမူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြနိုင်ရေး နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပြုလွှာတွင် ပြောင်းတင်သွင်းသူများက တင်ပြရန်လိုအပ်သော စာရွက်စာတမ်းများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန ကြေညာချက်ထုတ်ပြန်ရန်ပါဝင်ကြောင်း၊ လိုအပ်သော စာရွက်စာတမ်းများမှာ လုပ်ပိုင်ခွင့်အာဏာရှိသော အဖွဲ့အစည်းက တင်သွင်းလာသော ပြောင်းများသည် မီးမရှို့ထားသည့် စိုက်ပျိုးဧရိယာမှ အမှန်တကယ်လာခြင်းဖြစ်ကြောင်း အတည်ပြုချက်ထုတ်ပေးထားသည့် ပို့ကုန် လုပ်ငန်းရှင် သက်သေခံလက်မှတ်၊ ယင်းသက်သေခံလက်မှတ်များတွင် နောက်ကြောင်းလိုက်နိုင်သော စနစ်များနှင့် စိုက်ပျိုးနေရာများကို ပြသထားသော မြေပုံများပါရှိရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များကို တင်ပြရန် ပျက်ကွက်ပါက သွင်းကုန်ကန့်သတ်ခြင်းခံရမည်ဖြစ်ကြောင်း ဦးစီးဌာနက ပြောကြားချက် အရ သိရှိရပါသည်။

အဆိုပါ အစီအမံများသည် မီးရှို့ထားသော လယ်ယာမြေများမှ ပြောင်းတင်သွင်းလာမှုကို ကြို တင်ကာကွယ်ရန် အရေးပါပါကြောင်း၊ အစီအအမံများကို ကော်မတီသို့ မတင်ပြမီ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အစီအမံများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အာဆီယံ တာဝန်ဝတ္တရားများ၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်များနှင့်အညီ နိုင်ငံများအားလုံး အပေါ် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအတွက် မလိုအပ်သောဝန်ထုပ်ဝန်ပိုးကို လျှော့ချ ရန် ရည်ရွယ်ပါကြောင်း၊ အစည်းအဝေးတွင် Thai Feed Mill Association နှင့်  နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို နှိမ်နင်းသွားရန် မီးမရှို့ထားသော ရင်းမြစ်များမှ ပြောင်းများကိုသာ တင်သွင်း မည်ဟု ကတိပြုထားသည့် အိမ်နီးချင်းနိုင်ငံများတွင် စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများဆောင် ရွက်လျက်ရှိသော ကုမ္ပဏီများမှ ပါဝင်တက်ရောက်ခဲ့ကြောင်း နယ်စပ်ဖြတ်ကျော် PM2.5 လေထုညစ် ညမ်းခြင်းကို ဖြေရှင်းရန် အစီအမံများနှင့်စပ်လျဉ်းသည့် အစည်းအဝေးတွင် ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် Ms. Arada Fuangtong က ပြောကြားခဲ့သည်။

ဦးစီးဌာနသည် အစီအမံများနှင့်စပ်လျဉ်း၍ အိမ်နီးချင်းနိုင်ငံများသို့ အသိပေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာရှိသော အဖွဲ့အစည်းများကို လည်း သက်သေခံလက်မှတ်များထုတ်ပေးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် တရားမဝင်တင်သွင်းလာမှုကို ကြိုတင်ကာကွယ်ရန် ဖြစ် ကြောင်း၊ ဝန်ကြီးဌာန ကြေညာချက်မထုတ်ပြန်မီ မြန်မာနိုင်ငံရှိ ကုန်သွယ်ရေးရုံးနှင့်ဆက်သွယ်၍ မီးမရှို့ ထားသည့်အလေ့အထကိုလိုက်နာသည့် မြန်မာပြောင်းတင်ပို့သူများ စာရင်းကို တောင်းခံသွားမည်ဖြစ် ကြောင်း၊ လုပ်ငန်းချိတ်ဆက်နိုင်ရေးအတွက် အဆိုပါ စာရင်းကို ထိုင်းပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ် များထံ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ထိုင်းသည် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ ပြောင်းတင် သွင်းလေ့ရှိပြီး နှစ်စဉ် တန်ချိန် ၁.၃ သန်းမှ ၁.၈ သန်းကြားရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၂ သန်း ထိ ရောက်ရှိခဲ့ပြီး မြန်မာမှ တန်ချိန် ၁.၇ သန်း၊ လာအိုမှ တန်ချိန် ၂၅၀,၀၀၀ နှင့် ကမ္ဘောဒီးယားမှ တန် ချိန် ၇,၀၀၀ ဖြစ်ကြောင်း၊ ထိုင်းမှ ပြောင်းတင်သွင်းသူ ၈၂ ဦးသည် အိမ်နီးချင်းနိုင်ငံများမှ ပြောင်း တင်ပို့သူ ၁၀၀ ကျော်ရှိကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News