၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် တန်ချိန် ၉.၉၅ သန်းထိ ရောက်ရှိခဲ့ပြီး ၆ နှစ်ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာနက ပြောကြားချက်အရ သိရှိ ရပါသည်။
ကမ္ဘာ့ယှဉ်ပြိုင်မှုများ ပြင်းထန်လာနိုင်သောကြောင့် ယခုနှစ်တွင် အနည်းဆုံးပို့ကုန်လျာထား ချက်အဖြစ် တန်ချိန် ၇.၅ သန်းမှန်းထားပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၉.၉၅ သန်း တင်ပို့နိုင်ခဲ့ သဖြင့် ပို့ကုန်လျာထားချက် တန်ချိန် ၉ သန်းထက်ကျော်လွန်တင်ပို့နိုင်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင် လမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ အိန္ဒိယ၏ ဆန်ဖြူတင်ပို့မှုကို ပိတ်ဆို့ထားခြင်းကြောင့် အိန္ဒိယ ဆန်တင်သွင်းသူများသည် ထိုင်းဆန်ဖက်သို့ လှည့်လာကြပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ထိုင်းဆန်ဖြူ တန်ချိန် ၅.၉၉ သန်း၊ Hom mali ဆန် တန်ချိန် ၁.၇၄ သန်း၊ ဆန်ပျော့ တန်ချိန် ၁.၂၇ သန်း၊ ရနံ့ပါဆန် တန်ချိန် ၀.၆၃ သန်း၊ ကောက်ညှင်းဆန် တန်ချိန် ၀.၃၀ သန်းနှင့် ဆန်လုံးညို တန်ချိန် ၀.၀၂ သန်း တင်ပို့ ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်တွင် မတူညီသော ဒေသများကို တိုးချဲ့တင်ပို့နိုင်ခဲ့ ကြောင်း၊ ဒေသအလိုက် တင်ပို့ခဲ့မှုများအနေဖြင့် အာဖရိကသို့ တန်ချိန် ၃.၃၇ သန်း၊ အာရှသို့ တန်ချိန် ၃.၃၃ သန်း၊ အမေရိကသို့ တန်ချိန် ၁.၃၄ သန်း၊ အရှေ့အလယ်ပိုင်းသို့ တန်ချိန် ၁.၃၄ သန်း၊ ဥရောပသို့ တန်ချိန် ၀.၃ သန်းနှင့် ပင်လယ်သမုဒ္ဒရာပိုင်းဒေသများသို့ တန်ချိန် ၀.၂၇ သန်း တင်ပို့ခဲ့ကြောင်း ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် Ms. Arada Fuangtong က ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသည် ထိုင်းဆန် တန်ချိန် ၁.၃၃ သန်းဖြင့် အများဆုံးတင်သွင်းသူဖြစ်ပြီး အီရတ်သည် တန်ချိန် ၁ သန်း၊ အမေရိကန်သည် တန်ချိန် ၀.၈၅ သန်း၊ တောင်အာဖရိကသည် တန်ချိန် ၀.၈၃ သန်း နှင့် ဖိလစ်ပိုင်သည် တန်ချိန် ၀.၆၂ သန်းဖြစ်ကြောင်း၊ ယခုနှစ်တွင် အိန္ဒိယ၏ ပို့ကုန်ပြန်လည် စတင် မှုနှင့် တင်သွင်း/တင်ပို့သည့် နိုင်ငံများက မိုးခေါင်မှုအခြေအနေတိုးတက်မှုရှိလာသဖြင့် ထုတ်လုပ်မှုကို မြှင့်တင်လာကြသောကြောင့် ယှဉ်ပြိုင်မှု ပိုမိုများပြားလာပါကြောင်း၊ စီးပွားရေးဆိုင်ရာ အချက်များ သည် ဆန်တင်သွင်းသူများအတွက် ဈေးနှုန်းသတ်မှတ်ရာတွင် လွှမ်းမိုးလာနိုင်ကြောင်း၊ အင်ဒိုနီးရှား သည် ပြည်တွင်းဆန်ထုတ်လုပ်မှု မြင့်တင်လာရန် မျှော်မှန်းထားချက်နှင့် ဆန်လက်ကျန်အရ တင်သွင်း မှုကို ဖြတ်တောက်နိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုနှစ်တွင် ဦးစီးဌာနအနေဖြင့် အာဖရိကသို့ ဆန်ပိုမိုတင်ပို့ရန် အားစိုက်သွားမည်ဖြစ်ပြီး Hom mali ဆန်၏ ဈေးကွက်ကို ထိန်းထားမည်ဖြစ်ကြောင်း၊ ထိုင်းဆန်ဆိုင်ရာဆွေးနွေးပွဲကို မေလ ၂၅ ရက် နေ့မှ ၂၇ ရက်နေ့ထိ ကျင်းပရန် စီစဉ်ထားပါကြောင်း၊ ၁၂ လအတွင်း အမှာစာ ဘတ် ၆၀၀ သန်း ကျော်နှင့် နိုင်ငံအတွက် ဝင်ငွေရရှိရန် ရည်ရွယ်၍ ဂျာမနီရှိ BIOFACH ပွဲ၊ အမေရိကန်ရှိ Natural Products Expo West ပွဲနှင့် ထိုင်းနိုင်ငံရှိ THAIFEX-Anuga Asia ပွဲစသည့် ကုန်စည်ပြပွဲများတွင် ပါဝင် တက်ရောက်ရန် ဆန်တင်ပို့သူလုပ်ငန်းငယ်များကို ထောက်ပံ့အားပေးသွားမည်ဖြစ်ကြောင်း Ms. Arada က ဆက်လက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။