Local News

မြန်မာ့ ငါး၊ ပုစွန်နှင့် ရေထွက်ပို့ကုန်များ အလားအလာကောင်း

Last Updated:

မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ပထမဦးစားပေး ပို့ကုန်ဖြစ်ပြီး ရေထွက်ကဏ္ဍသည် ဒုတိယဦးစားပေးပို့ကုန်ဖြစ်သည်။ ရေချိုရေငန်ငါး၊ ပုစွန်လုပ်ငန်းနှင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများတွင် လူဦးရေ ၃ ဒသမ ၅ သန်းကျော်လုပ်ကိုင်နေကြောင်း သိရပါသည်။

          မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအေးက ရွှေခေတ်သို့ လွှမ်းမည့် မြန်မာ့ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း ခေါင်းစဉ်ဖြင့် ငါးလုပ်ငန်းဆွေးနွေးပွဲတွင် ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ ၁ ရက်မှစတင်ပြီး  ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများသို့ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ တင်ပို့ခွင့်ရရှိတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် မက်ထရစ်တန်ချိန် ၅၆၀ဝ၀ဝ ကျော် တင်ပို့နိုင်ခဲ့သဖြင့် အမေရိကန်သန်း ၇၀ဝ ကျော် ရရှိခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် ယခင်က ဆုံးရှုံးခဲ့သည့် အခွင့်အရေးများ ပြန်လည် ရရှိလာခဲ့ပါသည်။

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ငါး၊ ပုစွန်ရေထွက်ပစ္စည်းများအား အီးယူနိုင်ငံများအပါအဝင် နိုင်ငံတကာသို့ တင်ပို့ရာ၌ တင်သွင်းသည့်နိုင်ငံများ၏ စံချိန်စံညွှန်း လိုအပ်ချက်များနှင့်အညီ အရည်အသွေး အာမခံနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ သဘာဝမှဖမ်းမိသော ငါး၊ ပုစွန်များကိုသာ အီးယူနိုင်ငံများသို့ တင်ပို့ခွင့်ရရှိပြီး မွေးမြူရေး ငါး၊ ပုစွန်များကို အီးယူနိုင်ငံများ၏ စံချိန်စံညွှန်း နှင့်အညီ ဥရောပဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်ခဲ့ရပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့သည့်အတွက် အီးယူ DG-SANTE ၏ ဝက်ဘ်ဆိုက် Official Jurnal of the European Union ၌ ဖော်ပြထားမှုအရ Commission Implementing Decision (EU) 2018/1583 of 18 October 2018  ဖြင့် မြန်မာနိုင်ငံအား ယခင်ကခွင့်ပြုခဲ့သည့် Decision 2006/766/EC(Only Wild Caught Frozen Fishery Products)  အား ပြင်ဆင်ဆုံးဖြတ် အတည်ပြုမှုအရ မြန်မာနိုင်ငံ မွေးမြူရေး ငါး၊ ပုစွန်၊ ကဏန်းပျော့နှင့် ရေထွက်ပစ္စည်းများအား အီးယူနိုင်ငံများသို့ တင်ပို့ခွင့်ရရှိပြီး ဒီဇင်ဘာလ ၁ ရက်မှစ၍ အီးယူနိုင်ငံများသို့ တင်ပို့ခွင့်ရရှိပြီး ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါသည်။

          ယခုနှစ်မှစတင်၍ သားဖောက်မွေးမြူမှုအောင်မြင်သည့်အတွက် အကောင်ရေ ခြောက်သန်းခန့်ကို လစဉ်ပြည်တွင်းဈေးကွက်သို့ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းမှ သိရပါသည်။ နောက်ပိုင်းတွင် လစဉ်အကောင်ရေ သန်း  ၂၀ အထိ တိုးချဲ့ထုတ်လုပ်ရန်ရှိ သည်ဟုလည်း ပြောကြားသွားပါသည်။

          ပြည်တွင်းတွင် ရေချိုသားပေါက် မထုတ်လုပ်နိုင်သည့်အတွက် ထိုင်းနိုင်ငံမှ ပုစွန် သားပေါက်များကိုသာ အဓိကထား မွေးမြူနေရကြောင်းနှင့် နယ်စပ်ဒေသများမှ တရားမဝင် ပုစွန်များ ဝင်ရောက်နေသောကြောင့် တစ်လလျှင် အကောင်ရေ ခြောက်သန်းထုတ်လုပ် နိုင်သော်လည်း သုံးသန်းခန့်သာ ရောင်းချနိုင်ကြောင်း ပုစွန်မွေးမြူသူ လုပ်ငန်းရှင်များထံမှ သိရပါသည်။

          မြန်မာ့ငါး၊ ပုစွန်နှင့် ရေထွက်ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် နိုင်ငံတော် မှ တာဝန်ရှိသူများ၏ ပံ့ပိုးပေးမှုနှင့်အတူ ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများ ပူးပေါင်းကာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ မွေးမြူထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက် ဝင်ရောက် ရောင်းချနိုင်ရန် စုပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါသည်။

 

           ခင်မြနွယ်

                                                                                                                                                                     MYANTRADE

Category: Local News