Local News

စပါးစျေးကောင်းသလို ဆန်စျေးများလည်းစျေးကောင်းရ

Last Updated:

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာတွင် စိုက်ပျိုးသော ဧရာပဒေသာဆန်သည် နာမည်တစ်ခုရပြီးဖြစ်ပါတယ်။ ကုန်းဇောင်းကျေးရွာတွင်စိုက်ပျိုးသော ဧရာ ပဒေသာစပါးသည် ရေမြေရာသီဥတုနှင့်ကိုက်ညီတဲ့အတွက် ဆန်သားကောင်းမွန်ကာ လူကြိုက်များ တာကိုတွေ့ရပါတယ်။ ပွင့်ဖြူနယ်တစ်ဝိုက်မှာတော့ ဧက(၅)သောင်းနီးပါးစိုက်ပျိုးကြပြီး တစ်ဧက ကုန်ကျစရိတ်မှာ (၄)သိန်းနှင့်(၅)သိန်းကြားကုန်ကျကာ တစ်ဧကလျှင်တင်း(၁၀၀)နီးပါး ထွက်ရှိ ပါတယ်။ စပါးတင်း(၁ဝဝ)ကြိတ်ခွဲပါက ဆန်သား(၂၅)အိတ်ကျော်ရရှိကာ စက်ဖြင့်သန့်စင်ပြီးဖြစ်တဲ့ အတွက် အဆင်သင့်ချက်ပြုတ်နိုင်ပါသည်။

          စပါးအသစ်များပေါ်ထွက်လာပြီဖြစ်ရာ ဆန်အသစ်များလည်း စျေးကွက်ထဲသို့ ရောက်ရှိကာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်အဟောင်းများကတော့ စျေးကွက်ထဲမှာ အနည်းငယ်သာ ကျန်ရှိနေ  ပါတယ်။ ဆန်အသစ်များကတော့ ဆန်သားအစိုဓါတ်ပေါ်မူတည်ပြီး ဝယ်ယူသိုလှောင်ကြတယ်လို့ သိရပါတယ်။ ဒေသမှထွက်ရှိတဲ့ဆန်များကို မိမိတို့ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ မြင်းခြံ၊ မလှိုင်၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ လားရှိုး၊ တာချီလိတ်စသည့် ဒေသအသီးသီးသို့  တင်ပို့ရောင်းချနေရကြောင်း သိရှိရပါသည်။

          စပါးစျေးနှင့်ဆန်စျေးများမှာ ယခင်နှစ်နဲ့နှိုင်းယှဉ်ပါက တောင်သူများအနေဖြင့် စျေးကောင်း၍ အကျိုးအမြတ်များ ပိုမိုရရှိနေကာ ပြီးခဲ့တဲ့နှစ်က ယခုအချိန်တွင် စပါးတင်း(၁ဝဝ)လျှင် (၁၂)သိန်း လောက်သာရရှိခဲ့ပြီး ဆန်(၁)အိတ်လျှင် (၄၈ဝဝဝ)ကျပ် စျေးသာရရှိခဲ့ပေမယ့် ယခုနှစ်တွင် စပါးတင်း (၁၀၀)လျှင်(၁၅)သိန်းစျေးအထိ ရောင်းချနေရကာ ဆန်သစ်(၁)အိတ်လျှင် (၅၇ဝဝဝ)ကျပ်စျေးအထိ ရရှိကာ ဆန်အဟောင်းကတော့ (၁)အိတ်လျှင်(၇၂ဝဝဝ)ကျပ်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေတယ် လို့သိရှိရပါတယ်။ တောင်သူများအနေဖြင့် ပြီးခဲ့တဲ့နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် စျေးကောင်းရရှိ နေတဲ့အတွက် အကျိုးအမြတ် ပိုမိုရရှိနေကြောင်း သိရှိရပါသည်။

Category: Local News