Local News

ထောပတ်သီးတင်ပို့မှုနှင့် ဈေးကွက်အလားအလာ

Last Updated:

ထောပတ်သီးတင်ပို့မှုနှင့် ဈေးကွက်အလားအလာ

မြန်မာနိုင်ငံ၌ ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသများ၊ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်များတွင် ရှေးယခင်ကတည်းက အိမ်ခြံဝန်းအတွင်း စိုက်ပျိုးကြပြီး ၂၀၁၈ ခုနှစ်မှစတင်၍ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ အရည်အသွေး ကောင်းမျိုး(၆)မျိုးခန့်ကို မျိုးကိုင်းများတင်သွင်း၍ မြန်မာနိုင်ငံထောပတ်အသင်းမှ ဦးဆောင်၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများဖြင့် ကိုင်းဆက်ပင်များကို ဧကအလိုက်စိုက်ပျိုး လာကြပြီး ၎င်းမျိုးများမှ က‌မ္ဘာ့ဈေးကွက်ဝယ်လိုအားအရှိဆုံး HASS မျိုးများကို အဓိကစိုက်ပျိုး လာကြသည်။

ရောင်းချမှုအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကိုင်းဆက်ပင်များမှ စတင်ထွက်ရှိပြီး ကပ်ရောဂါအခြေအနေကြောင့် ပြည်တွင်းဈေးကွက်များကိုသာ Online မှ ရောင်းချခြင်း၊‌ဈေးဝယ်စင်တာများတွင် ရောင်းချခြင်းနှင့် ပြည်တွင်းဝယ်လိုအားများခြင်းကြောင့် ပြည်တွင်း ဈေးကွက်ကိုသာ အဓိက ရောင်းချခဲ့ပြီး၊ ထိုင်းနိုင်ငံသို့ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးမှ တဆင့် ဒေသသီးများကို တင်ပို့နိုင်ခဲ့သည်။

ဈေးနှုန်းအနေဖြင့် ပြီးခဲ့သည့်နှစ် HASS နှင့် အခြားကိုင်းဆက်သီးများကို အရွယ်အစား နှင့်အရည်အသွေးပေါ်မူတည်၍ ၁ ကီလိုလျှင် (၄၀၀၀ မှ ၆၅၀၀) ကျပ်ခန့်ဖြင့် ပြည်တွင်း ဈေးကွက်များသို့ ရောင်းချခြင်း၊ ဒေသသီးများကို တာချီလိတ်ပွဲရုံများမှ ၁ ကီလိုလျှင် ၁၇၀၀ မှ ၂၅၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူပြီး ထိုင်းနိုင်ငံသို့ တင်ပို့ကြောင်းသိရသည်။

ပြည်ပသို့တင်ပို့မှုအနေဖြင့် နယ်စပ်ကုန်သွယ်ရေးမှတဆင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် တန်ချိန်(၂၃၀၀)ကျော် တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၅၅၆)သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။

ကမ္ဘာ့ထောပတ်သီးတင်ပို့မှုမှာ (၂၀၂၁)ခုနှစ်အတွင်း တန်ချိန်ပေါင်း(၃)သန်းကျော်ကို တင်ပို့ခဲ့ပြီး ဈေးနှုန်းအနေဖြင့် အရည်အသွေးပေါ်မူတည်၍ တစ်တန်လျှင် ပျှမ်းမျှဈေးနှုန်း ကန်ဒေါ်လာ (၂၅၀၀ မှ ၃၅၀၀)ခန့်ရရှိပြီး၊ မက္ကဆီကိုနိုင်ငံသည် တန်ချိန်(၁.၂)သန်းကျော်ဖြင့် အများဆုံး တင်ပို့ခဲ့ကြောင်း (ITC TradeMap) အရသိရသည်။

ယခု ၂၀၂၂ ခုနှစ်ထောပတ်ရာသီမှာ အောက်တိုဘာလနောက်ပိုင်း အရည်အသွေး ကောင်းမွန်သည့် ကိုင်းဆက်သီးများ ပိုမိုထွက်ရှိလာမည်ဖြစ်သည့်အတွက် ပြည်တွင်း၌ ပိုလျှံလာမည်ဖြစ်ပြီး ပြည်ပဈေးကွက်များ ပိုမိုရရှိရေးနှင့် တင်ပို့နိုင်ရန်စတင်ပြင်ဆင်နေကြောင်း၊ ထိုင်းနိုင်ငံမှ Thaifex ကုန်စည်ပြပွဲ၊ အာရှတိုက်၏ဒုတိယအကြီးဆုံး Online Platform ဖြစ်သည့် ec.plaza.net တွင် ပါဝင်ပြသခြင်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ အစားအသောက်နှင့် အဖျော် ယမကာကုန်စည်ပြပွဲမှလည်း လာရောက်ပြသရန် ကမ်းလှမ်းထားကြောင်းသိရသည်။

ထောပတ်သီးအရည်အသွေးကောင်းများ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဥရောပဈေးကွက်များကို တင်ပို့နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့များ၏ အကူအညီဖြင့် အသင်းဝင် ခြံ(၃၀)ကျော်ခန့်မှာ Global GAP လက်မှတ်ရရှိထားကြောင်း ဈေးကွက်ချိတ်ဆက်နိုင်ရန် ARISE Plus စီမံကိန်းမှ ကုန်သွယ်မှုနှင့် ဈေးကွက်ချိတ်ဆက် ကျွမ်းကျင်ပညာရှင်မှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အဓိကပြည်ပ တင်ပို့မှုအနေဖြင့် ထိုင်း၊ စင်္ကာပူနှင့် နယ်သာလန်နိုင်ငံ တို့ကိုတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်းနှင့် ၎င်းနိုင်ငံများအနက် ထိုင်းနိုင်ငံသို့ တင်ပို့မှုမှာ ငွေကြေး မူဝါဒပြောင်းလဲခြင်းကြောင့် ကုန်သွယ်မှု လွယ်ကူလာခြင်း၊ တင်ပို့မှုအတွက် ကုန်ကျစရိတ် သက်သာခြင်းတို့ကြောင့် ယခင်ဒေသသီးများ တင်ပို့ခြင်းအပြင် အရည်အသွေးကောင်း ကိုင်းဆက်သီးများကိုလည်း ပိုမိုတင်ပို့နိုင်မည်ဖြစ် ကြောင်းသိရသည်။ ဒါ့အပြင် တရုတ်နိုင်ငံ သည် စားသုံးမှုမြင့်တက်လာသည့်အပြင် ဈေးကွက် လည်းကြီးမားခြင်းကြောင့် တရားဝင် တင်ပို့ခွင့်ရရှိရန် General Administration of Customs of People’s Republic of China (GACC) တွင် မှတ်ပုံတင်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေး စေလိုကြောင်းသိရသည်။

ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန

 

Category: Local News