International News

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတဝှမ်းတွင် အသင့်စား ခေါက်ဆွဲခြောက်ဈေးနှုန်း မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားခြင်း

Last Updated:

ရုရှား- ယူကရိန်း ပဋိပက္ခဂယက်သည် အင်ဒိုနီးရှားနိုင်ငံအထိ ကျယ်ပြန့်စွာခံစားလာရပြီး၊ နိုင်ငံ၏ လူကြိုက်အများဆုံး အစား အစာဖြစ်သည့် အသင့်စားခေါက်ဆွဲခြောက်များ၏ ဈေးနှုန်းမှာ မြင့်တက်နိုင်ကြောင်း လုပ်ငန်းကဏ္ဍ၏ ကိန်းဂဏန်းများအရ သိရ သည်။

လွန်ခဲ့သည့်နှစ်တွင် အင်ဒိုနီးရှားသည် အသင့်စားခေါက်ဆွဲအတွက် အဓိကပါဝင်ပစ္စည်းဖြစ်သည့် ဂျုံ၏ လေးပုံတစ်ပုံခန့်ကို ယူကရိန်းနိုင်ငံမှ တင်သွင်းခဲ့သည်။ ယူကရိန်းနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးဂျုံထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ ယူကရိန်းနှင့် ရုရှားတို့၏ နှစ်နိုင်ငံထုတ်လုပ်မှုသည် ကမ္ဘာ့ဂျုံတင်ပို့မှု၏ သုံးပုံတစ်ပုံခန့်ရှိသည်။ သို့သော်လည်း ယူကရိန်းနိုင်ငံ၏ ဆိပ်ကမ်းများကို ရုရှားက ဝိုင်းရံထားပြီးနောက် ယူကရိန်းလယ်သမားများသည် တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ လယ်ကွင်းများမှ ထွက်ခွာခဲ့ရ သဖြင့် ထောက်ပံ့ရေးကွင်းဆက်တွင် ကြီးမားသော အနှောင့်အယှက်များ ဖြစ်လာဖွယ်ရှိနေကြောင်း သိရှိရသည်။

အင်ဒိုနီးရှား စားသုံးသူများအသင်း ဥက္ကဋ္ဌ Tulus Abadi က နိုင်ငံ၏ လူဦးရေသန်း ၂၇၀ သည် ခေါက်ဆွဲဈေးနှုန်းများ မြင့်တက်လာ မည်ကို မျှော်မှန်းထားသင့်ကြောင်း၊ နိုင်ငံသားများ စားသုံးနေသည့် ကြက်သားခေါက်ဆွဲ (သို့) အသင့်စားခေါက်ဆွဲများ၏ ပါဝင် ပစ္စည်း ၁၀၀ % ကို ပြည်ပနိုင်ငံများမှ တင်သွင်းရလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၏ သုတေသနဌာနခွဲအကြီးအကဲ Kasan Muhri က ပဋိပက္ခသည် ဂျုံ (သို့)  ခေါက်ဆွဲခြောက် ဈေးနှုန်းများအပေါ် သိသိသာသာ သက်ရောက်မှုမရှိသေးကြောင်း၊  အင်ဒိုနီးရှားတွင် ဂျုံတန်ချိန် ၁ . ၂ သန်းခန့် ကျန်ရှိနေသေးပြီး၊ လာမည့်နှစ်လအတွက် လုံလောက်ကြောင်း၊ အသင့်စားခေါက်ဆွဲဈေးနှုန်း မြင့်တက်မည်ဟု ခန့်မှန်းထားသော်လည်း မြင့်တက်မည့် ပမာဏမှာ စစ်ပွဲကာလပေါ် မူတည်နိုင်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့အသင့်စားခေါက်ဆွဲခြောက်အဖွဲ့အစည်း၏ အချက်အလက်များအရ ဩစတြေးလျနိုင်ငံသည်၂၀၂၀ ပြည့်နှစ်တွင် စားသုံးမှု ၄၄၀ သန်းရှိရာ ကမ္ဘာပေါ်တွင် (၁၉) နိုင်ငံမြောက် စားသုံးသူဖြစ်လာသည့်အတွက် ဩစတြေးလျနိုင်ငံတွင်လည်း အသင့်စား ခေါက်ဆွဲခြောက်ဈေးနှုန်းများ တက်လာဖွယ်ရှိနေကြောင်း သိရှိရသည်။

ကပ်ရောဂါကာလအတွင်း ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများကြောင့် Mayora ကုမ္ပဏီ၏ အင်ဒိုနီးရှားနိုင်ငံလုပ် Bakmi Mewah အသင့်စားခေါက်ဆွဲများ၏ ဈေးနှုန်းကို ၁၅ % မှ ၂၀ % အထိ မြင့်တက်စေခဲ့ကြောင်း၊  Mayora သည် ယူကရိန်းထံမှ ဂျုံကို မဝယ်ယူသော်လည်း စစ်ပွဲသည် ကုမ္ပဏီ၏ အသင့်စားခေါက်ဆွဲများ၏ ဈေးနှုန်းကို သွယ်ဝိုက်၍ သက်ရောက်မှုရှိနိုင်ကြောင်း၊ စစ်ပွဲ သည် သင်္ဘောသယ်ယူပို့ဆောင်စရိတ်ကို ပိုမိုစျေးကြီးလာစေပြီး၊ အစား အသောက်ပါဝင်ပစ္စည်းများ၏ စျေးနှုန်းကို သွယ်ဝိုက်၍ ဖြစ်စေ မြင့်တက်စေနိုင်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဩစတြေးလျနိုင်ငံက အင်ဒိုနီးရှားနိုင်ငံကို ဂျုံကို ထောက်ပံ့ပေးနေဆဲဖြစ်ရာ လတ်တလောတွင် သက်ရောက်မှုမရှိနိုင်သေးသော် လည်း ရေရှည်တွင်မူ သက်ရောက်မှုရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ အင်ဒိုနီးရှား၏ လူကြိုက်အများဆုံး ခေါက်ဆွဲအမှတ်တံဆိပ် ထုတ်လုပ်သူ Indofood ထံသို့ ဩစတြေးလျ ABC သတင်းက  မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရှိရသည်။ သို့သော်လည်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Franciscus Welirang က ယခုလအစောပိုင်းတွင် ၎င်း၏ ခေါက်ဆွဲ ဈေးနှုန်းများ တက်လာမည်ဟု ခန့်မှန်းပြောဆိုမှုများသည် မှန်းဆချက်များသာဖြစ်ကြောင်း၊ ကုမ္ပဏီသည် ယမန်နှစ် ဖေဖော်ဝါရီလ တွင် ယူကရိန်းမှ တင်သွင်းသည့် ဂျုံများရှိနေသေးကြောင်း၊ ထောက်ပံ့မှုနှင့်စပ်လျဉ်း၍ နောက် (၂) လအထိ ပြဿနာတစ်စုံတစ်ရာ မရှိနိုင်ကြောင်းကို အင်ဒိုနီးရှားမီဒီယာသို့ ယခုလအစောပိုင်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့အသင့်စား ခေါက်ဆွဲခြောက်အဖွဲ့အစည်း၏ အချက်အလက်များအရ ကမ္ဘာပေါ်ရှိ ထိပ်တန်းစားသုံးသူ (၅) ဦးအနက်မှ တစ်ဦး ဖြစ်သည့် ဂျပန်နိုင်ငံမှ စားသုံးသူများမှာလည်း ကုန်ကျစရိတ်များ မြင့်တက်လာကြောင်း၊ ဂျုံနှင့် စားအုန်းဆီအပါအဝင် ပစ္စည်းများ ၏ ကုန်ကျစရိတ်မြင့်တက်လာပြီး၊ အဓိက ထုတ်လုပ်သူများက ဈေးနှုန်းကို ၅ % မှ ၁၂ % အထိ မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ထုတ်လုပ်သူများက ဇွန်လတွင် ဈေးနှုန်းမြင့်တက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဩစတြေးလျတွင် ထုတ်လုပ်မှုတိုးလာခြင်းကြောင့် ကမ္ဘာ့ဂျုံဈေးမြင့်တက်မှုကို အနည်းငယ် ခုနှိမ်နိုင်မည်ဟု မျှော်မှန်းထားသည်။ အင်ဒိုနီးရှားသည် အစဉ်အလာအားဖြင့် သြစတြေးလျနိုင်ငံ၏ နံပါတ်တစ် ဂျုံဈေးကွက်ဖြစ်ခဲ့ကြောင်း ကောက်ပဲသီးနှံ စိုက်ပျိုး ထုတ်လုပ်သူများအဖွဲ့ အမှုဆောင်အရာရှိချုပ် Dave McKeon ၏ ပြောကြားချက်အရ သိရှိရသည်။

၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် အင်ဒိုနီးရှားသည် ဩစတြေးလျတွင် မိုးခေါင်မှုကြောင့် ဂျုံတင်ပို့မှုအတွက် ယူကရိန်းအပါအဝင် ပင်လယ်နက်ဒေသကို စူးစမ်းလေ့လာခဲ့သော်လည်း ပြီးခဲ့သောနှစ်တွင် ဂျုံတင်သွင်းမှုစုစုပေါင်း၏ ၄၁% သည် သြစတြေးလျမှ တင် သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၁ ခုနှစ်တွင် ဩစတြေးလျတွင် သီးနှံအထွက်နှုန်း စံချိန်တင်မြင့်တက်မှုနှင့် တင်ပို့ရန် ကြီးမားသော ပိုလျှံမှုရှိရာ အင်ဒိုနီးရှားနိုင်ငံသို့ ကောက်ပဲသီးနှံများစွာ တင်ပို့နိုင်သည့် အနေအထားတွင်ရှိနေသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဩစတြေးလျနိုင်ငံမှ ခေါက်ဆွဲအတွက် နှစ်စဉ်ဂျုံတန်ချိန် ၃ သန်းကျော်တင်သွင်းလျက်ရှိရာ ၂၀၃၀ ပြည့်နှစ် တွင် ဂျုံတန်ချိန် ၃၅၀,၀၀၀ တိုးလာနိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရှိရသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ဂျုံဝယ်လိုအားမှာ တိုးတက် လာနိုင်ပြီး၊ အထူးသဖြင့် ပထဝီအနေအထားအရ နှစ်နိုင်ငံနီးကပ်မှုနှင့် ဩစတြေးလျ- အင်ဒိုနီးရှား ဘက်စုံစီးပွား ရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်တို့ကြောင့် ပိုမိုတိုးတက်လာဖွယ်ရှိကြောင်း သိရှိရ သည်။ ထို့အပြင် လက်ရှိအခြေအနေက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန် (သို့) ထောက်ပံ့ရေးကွင်းဆက်ကို ထိန်းသိမ်းနိုင်ရေးအတွက် ပိုမိုနီးကပ်သော ဆက်ဆံရေး ကို တည်ဆောက်ရန် အားပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News