ဒူဘိုင်းနိုင်ငံတကာကုန်သည်ကြီးများအသင်းသည် အရှေ့ဥရောပဒေသတွင် ဗျူဟာမြောက်တည်ရှိလျက်ရှိသည့် ပိုလန်နိုင်ငံ၊ ဝါဆောမြို့တော်၌ ၎င်းတို့၏ပထမဆုံးသော ကိုယ်စားလှယ်ရုံးကို တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။ အဆိုပါဆောင်ရွက်မှုသည် ဒူဘိုင်းနှင့် ပိုလန်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မြှင့်တင်ရန်ရည်ရွယ်ပြီး စီးပွားရေးဆက်ဆံမှုအားကောင်းလာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပိုလန်နိုင်ငံဆိုင်ရာ ယူအေအီးသံအမတ်ကြီး Mohamed Ahmed Salem Farea Alharbi ၊ ပိုလန်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာဝန်ကြီးဌာနမှ နိုင်ငံခြားဆက်ဆံရေးဝန်ကြီး Michał Jaros ၊ အကြီးတန်းအရာရှိများနှင့် စီးပွားရေးဦးဆောင်သူများ တက်ရောက်ခဲ့ကြပါသည်။
ဝါဆောမြို့ရှိ အဆိုပါရုံးခွဲသည် ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ ကျယ်ပြန့်သော 'ဒူဘိုင်းကမ္ဘာ' ပဏာမခြေလှမ်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ၂၀၃၀ ခုနှစ်တွင် နိုင်ငံတကာရုံးခွဲပေါင်း ၅၀ ခုအထိ ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားရှိပါသည်။ အဆိုပါအစပျိုးမှုသည် ဒူဘိုင်းအား ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အချက်အခြာဒေသတစ်ခုအဖြစ် ရပ်တည်နိုင်ရန်၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်သွားရန်နှင့် ဦးစားပေးစျေးကွက် ၃၀ ခုတို့တွင် ဒူဘိုင်းအခြေစိုက်ကုမ္ပဏီများ၏ နိုင်ငံ တကာတိုးချဲ့မှုများကို ပံ့ပိုးပေးနိုင်ရန်အတွက် ဖြစ်ပါသည်။
ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mohammad Ali Rashed Lootah က ၎င်းရုံးသစ်သည် ဒူဘိုင်းနှင့်ပိုလန်အကြား မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး ကုန်သွယ်မှုများကို လှုံ့ဆော်ပေးကာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ပိုလန်ကုမ္ပဏီများမှ ဒူဘိုင်း ၏ယှဉ်ပြိုင်မှုဆိုင်ရာ အားသာချက်များကို အသုံးချနိုင်မည်ဖြစ်ပြီး ပိုလန်နိုင်ငံသို့ ဒူဘိုင်းအခြေစိုက်စီးပွားရေးလုပ်ငန်းများကို လွယ်ကူချောမွေ့ စေရန်ကူညီဆောင်ရွက်ပေးနိုင်မည့် ၎င်းတို့၏အခန်းကဏ္ဍအပေါ် အလေးပေးဖော်ပြခဲ့ပါသည်။
ဒူဘိုင်းနှင့် ပိုလန်နိုင်ငံကြား ကုန်သွယ်မှုမှာ ၂၀၂၄ ခုနှစ်အတွင်း ရေနံမဟုတ်သော ကုန်သွယ်မှုတွင် AED ၇.၂ ဘီလီယံအထိရောက်ရှိလာခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅ % တိုးတက်လာခဲ့ပါသည်။ ၂၀၂၅ နှစ်လယ်၌ ဒူဘိုင်းကုန်သည်ကြီးများအသင်းတွင် ပိုလန်ကုမ္ပဏီပေါင်း ၄၅၃ ခုအထိ မှတ်ပုံတင်ထားရှိခဲ့ပြီး ပထမနှစ်ဝက်အတွင်း အဖွဲ့ဝင်ကုမ္ပဏီအသစ် ၈၆ ခုတို့ဝင်ရောက်ခဲ့ခြင်းအပါအဝင် ဒူဘိုင်း၏ စျေးကွက်အား စိတ်ဝင်စားမှုမြင့်တက်လာခဲ့ကြောင်း မီးမောင်းပြသခဲ့ပါသည်။
အဆိုပါဝါဆောရုံးသည် စျေးကွက်ဆိုင်ရာ ထိုးထွင်းသိမြင်မှုများကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအား အဓိကပါဝင်ပတ်သက်ကြသူများနှင့်ချိတ်ဆက်ပေးသွားကာ အခွင့်အလမ်းအသစ်များကို ရှာဖွေရာတွင် နှစ်ဖက်စလုံးမှကုမ္ပဏီများကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ၎င်းတို့၏ဝန်ဆောင်မှုများတွင် စျေးကွက်ဝင်ရောက်မှုကို ရိုးရှင်းလွယ်ကူစေရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာများကို ဖော်ထုတ်သွားရန်နှင့် ဒူဘိုင်းနှင့်ပိုလန်ကြားတွင် ပိုမိုခိုင်မာသော စီးပွားရေးဆက်ဆံရေးကိုမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)