International News

ဒူဘိုင်းစီးပွားရေးနှင့် ခရီးသွားလာရေးဌာနမှ ဟိုတယ်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် မက်လုံးများဖြင့် စတင်ဆောင်ရွက်

Last Updated:

ပြည်နယ်အတွင်းရှိ ထွန်းသစ်စနေရာများတစ်လျှောက် ဟိုတယ်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန် အတွက် ရင်းနှီးမြှုပ်နှံသူများအတွက် ဒူဘိုင်းစီးပွားရေးနှင့် ခရီးသွားလာရေးဌာန(DET)မှ မက်လုံးပေးသည့်အစီအစဉ်အသစ်တစ်ရပ်ကို မိတ်ဆက်ခဲ့ပါသည်။

ဒူဘိုင်းအိမ်ရှေ့မင်းသား H.H. Sheikh Hamdan bin Mohammed bin Rashid Al Maktoum မှ ၂၀၂၅ ခုနှစ်၏ အမှုဆောင်ကောင်စီဆုံးဖြတ် ချက်အမှတ်(၆၈)အောက်တွင် အတည်ပြုထားသော အဆိုပါကနဦးအစီအစဉ်၏အစပျိုးဆောင်ရွက်ချက်များတွင် ဒူဘိုင်း၏ဧည့်ဝန်ဆောင်မှု ခြေရာအား တိုးတက်မှုမြင့်မားသော ဧရိယာများတွင် ချဲ့ထွင်သွားရန် ရည်ရွယ်ထားပါသည်။

အဆိုပါအစီအစဉ်အရ Dubai South၊ Palm Jebel Ali၊ Dubai Parks နှင့် Dubai Islands ဒေသများတွင်တည်ရှိသည့် အရည်အချင်းပြည့်မီသော ဟိုတယ်များ၊ အပန်းဖြေစခန်းများနှင့် ဝန်ဆောင်မှုတိုက်ခန်းများ သည် ဖွင့်လှစ်ပြီး နှစ်နှစ်အကြာတွင် အခန်းရောင်းချမှုနှင့် Tourism Dirham(ခရီးသွားဝင်ငွေ)အပေါ် ဒူဘိုင်းမြူနီစီပယ်အာဏာပိုင်အဖွဲ့မှ ကောက်ခံသည့်အခကြေးငွေကို အပြည့်အဝပြန်လည်ရရှိသွားမည်ဖြစ်ပါ သည်။

ဒူဘိုင်းခရီးသွားလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးစျေးကွက်ရှာဖွေရေး ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Issam Kazim က အဆိုပါဆောင်ရွက်ချက်သည် ဒူဘိုင်း၏ဧည့်ဝန်ဆောင်မှု တိုးတက်စေရေးအတွက် အဆင့်သစ်တစ်ခုဖြစ်ပြီး မြို့တော်၏အနေအထားကို ကမ္ဘာ့ထိပ်တန်းခရီးသွားလုပ်ငန်းဗဟိုချက်အဖြစ် အားဖြည့်ပေးကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းကတိကဝတ်သည် အစိုးရ-ပုဂ္ဂလိကမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် ဒူဘိုင်း၏မတူကွဲပြားသော တည်းခိုနေထိုင်မှုအစုစုတို့အား တိုးချဲ့သွားမည့်၎င်းတို့၏ ကတိကဝတ်ကို ဆက်လက်ထင်ဟပ်နေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ဒူဘိုင်းလေကြောင်းမြို့တော်ကော်ပိုရေးရှင်းနှင့် Dubai South ဒေသ၏ အမှုဆောင်ဥက္ကဋ္ဌ Khalifa Al Zaffin က ယင်းဆုံးဖြတ်ချက်သည် ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုရာသီဥတုအပေါ် အားကောင်းစေမည့် ဦးဆောင်မှု၏ အမျှော်အမြင်တစ်ရပ်အဖြစ် အလေးပေးပြောကြားခဲ့ပြီး Dubai Holding နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဦးပိုင်ကုမ္ပဏီ၏ ဦးဆောင် ညွှန်ကြားရေးမှူး Khalid Al Malik က ၎င်းသည် ဒူဘိုင်း၏ ကမ္ဘာလုံးဆိုင်ရာအယူခံဝင်မှုနှင့် ရေရှည်တည်တံ့သောတိုးတက်မှုကို မြှင့်တင်ပေးသည့် ရဲရင့်သောခြေလှမ်းတစ်ခုအဖြစ် ဖော်ပြခဲ့ပါသည်။

အဆိုပါဆုံးဖြတ်ချက်ထုတ်ပြန်ပြီးနောက် မှတ်ပုံတင်ထားသော ဟိုတယ်များအတွက် ပေးအပ်ထားသည့်မက်လုံးသည် ဒူဘိုင်းစီးပွားရေးအစီ အစဉ် D33 ၏ပန်းတိုင်များကို ပံ့ပိုးပေးလျက်ရှိပါသည်။ ဒူဘိုင်းသည် ၂၀၂၅ ခုနှစ်၊ ပထမရှစ်လအတောအတွင်း နိုင်ငံတကာညအိပ်ဧည့်သည်ပေါင်း ၁၂.၅၄ သန်းကို လက်ခံကြိုဆိုနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅ % တိုးတက်လာခဲ့ကာ ဧည့်သည်ဝင်ရောက်နေထိုင်မှုနှုန်း ၇၈.၅ % ဖြင့် ကမ္ဘာ့အတိုင်းအတာအမြင့်မားဆုံးသော နိုင်ငံတစ်ခုဖြစ်ပါသည်။

အဆိုပါမက်လုံးပေးမှုများအတွက် လျှောက်လွှာများကို ဒူဘိုင်းစီးပွားရေးနှင့် ခရီးသွားလာရေးဌာနသို့ တင်ပြရမည်ဖြစ်ပြီး ဌာနမှပြန်လည် သုံးသပ်ခြင်းနှင့် အတည်ပြုချက်လုပ်ငန်းစဉ်ကို ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News