International News

ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် ကုန်သွယ်မှုအမှတ်တံဆိပ်ဝန်ဆောင်မှုအခကြေးငွေအသစ်များကို ယူအေအီးစီးပွားရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ

Last Updated:

ယူအေအီးနိုင်ငံ၊ စီးပွားရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် အစိုးရ အဖွဲ့၏အတည်ပြုချက်အရ ကုန်အမှတ်တံဆိပ်ဝန်ဆောင်မှုများအတွက် ပြန်လည်ပြင်ဆင်သည့် အခကြေးငွေများကို ထုတ်ပြန်ခဲ့ပြီး ယူအေအီးနိုင်ငံ၏ ဉာဏပစ္စည်းမူဘောင်ကို အားကောင်းလာစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုအားကောင်းလာစေရန် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဒူဘိုင်းတွင်ပြုလုပ်ခဲ့သည့် မီဒီယာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည့် အဆိုပါဆုံးဖြတ်ချက်သည် ဆန်းသစ်တီထွင်မှုကို ပံ့ပိုးရန်၊ နိုင်ငံခြားကုမ္ပဏီများကို ဆွဲဆောင်ရန်နှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ(SMEs)နှင့် မသန်စွမ်းသူများတို့အား ပံ့ပိုးပေးရန်အတွက် နိုင်ငံ၏ ဆက်လက်ကြိုးပမ်းမှုများကို ထင်ဟပ်စေခဲ့ပါသည်။ မူဘောင်အသစ်အရ SME အဖွဲ့ဝင်များသည် အခကြေးငွေ ၅၀ % ကင်းလွတ်ခွင့်ကိုရရှိမည်ဖြစ်ပြီး မသန်စွမ်းသူများအတွက် အပြည့်အဝကင်းလွတ်ခွင့်ပြုထားပါသည်။

စီးပွားရေးနှင့်ခရီးသွားလာရေး၀န်ကြီး Abdulla bin Touq Al Marri က အဆိုပါပြင်ဆင်ချက်သည် ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ရန်ရည်ရွယ်ပြီး၊လုပ်ထုံးလုပ်နည်းများကို အရှိန်မြှင့်ရန်နှင့် ယူအေအီးနိုင်ငံ၏ ကမ္ဘာ့စီးပွားရေးအချက်အချာအဖြစ် ရပ်တည်မှုကို အားဖြည့်ရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကုန်သွယ်မှုအမှတ်တံဆိပ် မှတ်ပုံတင်ခြင်းတွင် ၁၂၉ % တိုးတက်မှုရှိခဲ့ပြီး နိုင်ငံတွင်းနှင့် နိုင်ငံတကာအမှတ်တံဆိပ်ပေါင်း ၂၀,၀၀၀ နီးပါးကို မှတ်တမ်းတင်ထားရှိပါသည်။

အဆိုပါဆုံးဖြတ်ချက်တွင် တစ်ရက်တာကုန်အမှတ်တံဆိပ်စစ်ဆေးခြင်း (AED၂၂၅၀)နှင့် ပထဝီဝင်အညွှန်းကိန်းများ(AED ၆၅၀၀)ကဲ့သို့သောအမျိုးအစားကဏ္ဍအသစ်ခုနစ်ခုတို့ကို မိတ်ဆက်ခြင်းများအပါအဝင် အမှတ်တံဆိပ်ဝန်ဆောင်မှု ၂၈ ခုတို့အတွက် အသစ်ပြင်ဆင်ထားသော အခကြေးငွေများဖြင့် သတ်မှတ်ထားရှိပါသည်။ သက်တမ်းတိုးခများ၊ မကျေနပ်ချက်များနှင့် ချိုးဖောက်မှုဆိုင်ရာ တိုင်ကြားမှုများအတွက် အခကြေးငွေများပြင်ဆင်ချက်များကိုလည်း စုစည်းထားရှိပါသည်။

အဆိုပါလှုပ်ရှားမှုသည် ယူအေအီးနိုင်ငံအား ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ကမ္ဘာ့ထိပ်တန်းနေရာတစ်ခုအဖြစ် သတ်မှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် “We the UAE 2031” မျှော်မှန်းချက်နှင့်ကိုက်ညီမှုရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ ကုန်အမှတ်တံဆိပ်ဝန်ဆောင်မှုများတွင် ထိရောက်မှု၊ပြောင်းလွယ်၊ ပြင်လွယ် နှင့် ဒစ်ဂျစ်တယ်ပေါင်းစည်းမှုများကို တိုးမြှင့်ခြင်းအားဖြင့် ဝန်ကြီးဌာနသည် ဉာဏပစ္စည်းဆိုင်ရာ အကာအကွယ်ပေးရေးနှင့် စီးပွားရေး တိုးတက်မှုအတွက် ယူအေအီးနိုင်ငံတစ်ဝှမ်း ပိုမိုအားကောင်းပြီး ပိုမိုပါဝင်နိုင်သည့် ပတ်ဝန်းကျင်ကို မွေးမြူသွားရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သတင်းပါရှိပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News