International News

ရုရှားအစိုးရက ပြည်တွင်းလောင်စာဖူလုံရေးအတွက် ဓာတ်ဆီ၊ ဂျက်လောင်စာနှင့် ဒီဇယ်တင်ပို့မှုများကို ဆက်လက်ကန့်သတ်

Last Updated:

ရုရှားနိုင်ငံတွင် ပြည်တွင်းလောင်စာဆီဖူလုံရေးကို အာမခံနိုင်ရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အစိုးရက ဓာတ်ဆီ၊ ဂျက်လောင်စာနှင့် ဒီဇယ်တင်ပို့မှုများအပေါ် ကန့်သတ်ချက်များကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။ ယခုကဲ့သို့ဆောင်ရွက်ရခြင်းမှာ ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှားနိုင်ငံရှိ ရေနံချက်စက်ရုံအချို့ထိခိုက်ပျက်စီးခဲ့ပြီး လောင်စာဆီထုတ်လုပ်မှုလျော့နည်းလာခြင်းကြောင့်ဖြစ်သည်။

ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်(Alexander Novak)က ပြည်တွင်းဈေးကွက်အတွင်း လောင်စာဆီလုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေးသည် လက်ရှိအစိုးရ၏ အဓိကဦးစားပေးလုပ်ငန်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ဓာတ်ဆီနှင့် ဂျက်လောင်စာတင်ပို့မှုများကို ယာယီရပ်ဆိုင်းထားသည့်အပြင် ဒီဇယ်တင်ပို့မှုကိုလည်းထပ်မံကန့်သတ်ထားပြီး ပြည်တွင်းသုံးစွဲမှုကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရုရှားအစိုးရသည် လောင်စာဆီသိုလှောင်ပမာဏများကို တိုးမြှင့်ခြင်း၊ ရေနံချက်စက်ရုံများ၏ ပြုပြင်ထိန်းသိမ်းမှုကို အရှိန်မြှင့်ဆောင်ရွက်ခြင်းနှင့် လိုအပ်ပါက မိတ်ဖက်နိုင်ငံများမှ လောင်စာဆီတင်သွင်းခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ အစိုးရ၏ရည်ရွယ်ချက်မှာ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုကဏ္ဍများတွင် လောင်စာဆီပြတ်လပ်မှုမဖြစ်ပေါ်စေရန်နှင့် ပြည်တွင်းဈေးနှုန်းများအလွန်အမင်းမြင့်တက်လာခြင်းကို ကာကွယ်ရန်ဖြစ်သည်။

အဆိုပါတင်ပို့မှုကန့်သတ်ချက်များ၏ အကျိုးဆက်အနေဖြင့် ရုရှားလောင်စာဆီကို အဓိကမှီခိုနေရသော ဗဟိုအာရှနိုင်ငံများနှင့် အာဖဂန်နစ္စတန်တို့တွင် လောင်စာဆီတင်သွင်းမှုလျော့နည်းလာခဲ့သည်။ အထူး သဖြင့် ဂျက်လောင်စာနှင့် ဓာတ်ဆီတင်ပို့မှုများ သိသိသာသာကျဆင်းခဲ့သော်လည်း အစိုးရချင်းသဘောတူညီချက်များအရ တင်ပို့သည့်ပမာဏအချို့ကိုမူ ဆက်လက်ခွင့်ပြုထားကြောင်း သိရသည်။

ရုရှားအစိုးရက လက်ရှိကန့်သတ်ချက်များသည် ယာယီအစီအမံများဖြစ်ပြီး ပြည်တွင်းလောင်စာ ဈေးကွက်တည်ငြိမ်လာခြင်း၊ ရေနံချက်စက်ရုံများပုံမှန်ပြန်လည်လည်ပတ်နိုင်ခြင်းနှင့် ထုတ်လုပ်မှုပြန်လည်မြင့်တက်လာသည့်အခြေအနေများအပေါ် မူတည်၍ နောင်တွင် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

Source: www.reuters.com

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News