Local News

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်

Last Updated:

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉)တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့မည့်/ တင်ပို့လျက်ရှိသည့်  လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့် ရရှိမည်ဖြစ်ပါသည်။ 
    မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့်ကုန်စည်အမျိုးအစား(၄)ခုဖြစ်သည့် အသားနှင့် အသားထုတ်ကုန်များ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များနှင့် ကုန်စည်အမျိုးအစား(၁၄)ခုဖြစ်သည့် အစာသွပ်ရန်အသုံးပြုသည့် အပေါ်ခွံအစွပ်၊ ပျားရည်နှင့် ပျားထွက်ပစ္စည်း၊ ဥနှင့်ဥထုတ်ကုန်များ၊ စားသုံးဆီ၊ အပြင်အသားအား ဂျုံသားဖြင့်ပြုလုပ်ထားပြီး စားသုံးနိုင်သည့် သို့မဟုတ် အေးခဲထားသည့် ထုတ်ကုန်များ၊ စားသုံးနိုင်သောအစေ့အဆံများ၊ ကြိတ်ခွဲသီးနှံ ထွက်ကုန်များနှင့် မုယောစပါး၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ရေဓာတ်ထုတ်ထားသော ဟင်းသီးဟင်းရွက်များနှင့် ပဲခြောက်များ၊ အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ၊ အခွံမာသီးနှင့်အစေ့အဆံများ၊ သစ်သီးခြောက်များ၊ မလှော်ထားသော ကော်ဖီနှင့် ကိုကိုးစေ့များ၊ အထူးအာဟာရအစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ စုစုပေါင်း ကုန်စည်အမျိုးအစား(၁၈)အုပ်စုတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ရမည် ဖြစ်ပါသည်။ 
ကုန်စည်အုပ်စုအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာ ဏာပိုင်အဖွဲ့(GACC)တွင် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ဖြစ်ကြပါသည်။ အဆိုပါကုန်စည် အမျိုးအစား (၁၈)အုပ်စု၌ ပါဝင်ခြင်းမရှိသည့်ကုန်စည်များကို ထုတ်လုပ်/တင်ပို့မည့်လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ် ပေါက်အစီအစဉ်ဖြစ်သည့် https://cifer.singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက် လျှောက်ထားရမည်ဖြစ်ပါသည်။    
    ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ ကုမ္ပဏီ/ စက်ရုံ(၁၂၄၄)ခုမှ ပေးပို့ထားသည့် စောင်ရေစုစုပေါင်း (၂၂၃၅) စောင်အား မှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ(၁၁၀၃)ခု၊ စောင်ရေ(၂၀၉၄)စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/ စက်ရုံ (၁၁၈)ခု၊ စောင်ရေ (၁၁၈)စောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ (၁၄)ခု၊ စောင်ရေ(၁၄) စောင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ ကုမ္ပဏီ (၉)ခု၊ စောင်ရေ (၉)စောင် ဖြစ်ပါသည်။
    အဆိုပါမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာ စိုက်ပျိုးရေး ထွက်ကုန်များ အပါအဝင်ကုန်စည်များအား တရားဝင်တင်သွင်းနိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှ မှတ်ပုံတင်ပေးပြီးဖြစ်သည့် လုပ်ငန်းများစာရင်းအား တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက် အစီအစဉ် https://ciferquery.singlewindow.cn/  ၌ဖော်ပြထားပါသည်။
    မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များ တင်သွင်းသည့် ကုမ္ပဏီများ အနေဖြင့် မှတ်ပုံတင်ခြင်းအား ပြင်ဆင်ထားခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) အောက်ရှိ Department of Animal and plant Quarantine ဌာနမှ စိုက်ပျိုးရေးစားသောက်ကုန်များဖြစ်သည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ (cocoa beans)၊ ဟင်းသီးဟင်းရွက်အစိမ်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့် အစေ့အဆံများ (Edible grain)၊ ပဲများ ၊ ဆီထွက်အပင်များ ၊ တရုတ်တိုင်းရင်းဆေး ထုတ်လုပ်သည့် တိရစ္ဆာန် (သို့မဟုတ်) အပင်မူရင်းများ၏ quarantine access ကို GACC အောက်ရှိ Department of Animal and plant Quarantine ဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ပါသည်။
     မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်တိုင်လုပ်၍မရပါ။ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်။ စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။ Competent Authority Department မှ အရာရှိ (CompetentAuthority)ကသာ ၎င်း လျှောက်ထားမှုကို ဆောင်ရွက်နိုင်ပါသည်။ စာ(သို့မဟုတ်) Email ဖြင့် [email protected] သို့ပေးပို့ရမည် ဖြစ်ပါသည်။ သို့မဟုတ် မြန်မာနိုင်ငံရှိ တရုတ် သံရုံး  တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လျှောက်ထားရမည်။
    အဆိုပါ Website တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တွင် Competent Authority ထောက်ခံချက်လိုသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက် လျှောက်ထားသည့် ကုန်စည်အုပ်စုအပါအဝင် စုစုပေါင်းစောင်ရေ(၁၈၂၆)စောင်အား မှတ်ပုံတင်ခွင့်ပြု ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။


                                                                                                                                                  GACC, ရုံးလုပ်ငန်းအဖွဲ့
                                                                                                                                             ပြည်တွင်းကုန်သွယ်မှုဌာနခွဲ                               

Category: Local News