Local News

ကြက်သွန်နီဈေးကွက်အခြေအနေ

Last Updated:

မန္တလေးတိုင်းဒေသကြီးအတွင်း  ကြက်သွန်နီကို မိုးရာသီ နှင့် ဆောင်း ရာသီတို့တွင် စိုက်ပျိုးကြသည်။ ဩဂုတ်နှင့် စက်တင်ဘာလများမှာ စတင်စိုက်ပျိုးပြီး ဒီဇင်ဘာ၊ ဇန်နဝါရီလ များတွင် ထွက်ပေါ်သည့် သီးနှံကို မိုးကြက်သွန် ဟုခေါ်ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလ တို့တွင် စိုက်ပျိုး ၍ မတ်၊ ဧပြီလများတွင်ထွက်ပေါ်သည့် ကြက်သွန်ကို  ဆောင်းကြက်သွန် ဟု ခေါ်ကြသည်။ ယင်းကြက်သွန်ကို ထွက်ပေါ်သည့် အချိန်ကိုသတ်မှတ်၍ နွေကြက်သွန်နီ ဟုလည်း ခေါ်ကြသည်။

ကျောက်ဆည်ခရိုင် ရှိ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင် ၊ တံတားဦး နှင့် မြင်းခြံခရိုင် ရှိ မြင်းခြံ ၊ နွားထိုးကြီး ၊ တောင်သာ၊ ကျောက်ပန်းတောင်း မြို့နယ် တို့တွင် ကြက်သွန်နီကို အများဆုံးစိုက်ပျိုးသည်။ လတ်တလောတွင် မိုးကြက်သွန်နီအသစ်များ လှိုင်လှိုင်ဝင်ရောက်နေ ကြောင်း သိရသည်။ မိုးကြက်သွန်နီသည် အရည်အသွေးအရ တာရှည်အထားမခံ၍ လှောင်လက် ဝယ်ယူမှုမရှိသေးပဲ ပြည်တွင်းစားသုံးမှုအတွက်သာ အများဆုံးအရောင်းအဝယ်ဖြစ် နေကြောင်း သိရသည်။

ဖေဖော်ရီလကုန်တွင်ဖြစ်ပေါ်နေသည့် မိုးကြက်သွန်နီအသစ် တစ်ပိဿာဈေးနှုန်းများမှာ မန္တလေးဈေးကွက်တွင် ၃၅၀၀ ကျပ် မှ ၄၅၀၀ ကျပ်၊ ကျောက်ဆည်ဈေးကွက်တွင် ၂၅၀၀ ကျပ် မှ ၄၀၀၀ ကျပ်၊ မြင်းခြံဈေးကွက်တွင် ၁၂၀၀ ကျပ် မှ ၂၂၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။

Category: Local News