Local News

မြန်မာနိုင်ငံမှထွက်ရှိသည့်ဝါဂွမ်းများအား ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Last Updated:

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံမှထွက်ရှိသည့်ဝါဂွမ်းများအား ဗီယက်နမ်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို Virtual စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့(ဗုဒ္ဓဟူးနေ့)၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အစိုးရအနေဖြင့် ဝါကိုအခြေခံသည့်စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်အားပေးလျက်ရှိပြီး ဝါဂွမ်းပို့ကုန် မြှင့်တင်ရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်၍ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်  ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ဝါစိုက်ပျိုး၊ ထွက်ရှိ၊ ထုတ်လုပ်၊ သုံးစွဲမှုကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိရေးသည် အရေးကြီးသဖြင့် ဝါအသင်းနှင့် စိုက်ပျိုး သူတောင်သူများက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝါထွက်ရှိသည့်ရာသီကျန်ရှိနေသည့်အတွက် စနစ်တကျဂရုတစ်စိုက် ခူးဆွတ်ရိတ်သိမ်းသိုလှောင်နိုင်ပါက ပို့ကုန်လျာထားချက် ပြည့်မီနိုင်သေးသဖြင့် ဝါကို အလေအလွင့်မရှိ ခူးဆွတ် ဆောင်ရွက်နိုင်ရေး အသိပညာပေးရန်လိုကြောင်း၊ လာမည့်နှစ် ဝါထွက်ရာသီတွင် ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။          

အဆိုပါအစည်းအဝေးသို့ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိမြန်မာစီးပွားရေးသံမှူးများနှင့် ဝါနှင့် ဝါထွက်ပစ္စည်းလုပ် ငန်းရှင်များအသင်းမှ ဥက္ကဌနှင့် ကိုယ်စားလှယ်လုပ်ငန်းရှင်များ စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြပြီး ဝါဂွမ်းပို့ကုန်မြှင့်တင်နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

 

            ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

 

​​​​​​

Category: Local News