International News

တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်နိုင်ရေး နည်းလမ်းရှာဖွေသွားမည်ဖြစ်ကြောင်း ထိုင်း နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် အဆိုပြုထားသော ကုန်းမြေချိတ်ဆက်စီမံကိန်းမှတစ်ဆင့် တရုတ်ပို့ကုန် များအတွက် ဝင်/ထွက် ပေါက်ဖြစ်စေရန် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် လိုအပ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး H.E Mr. Pichai Chunhavajira က ပြောကြားခဲ့ပါသည်။ထိုင်းနိုင်ငံသည် တရုတ်နှင့် တင်ပို့မှုများတွင် ယှဉ်ပြိုင်နေမည့်အစား ကမ္ဘာ့အကြီးဆုံး တင်ပို့သူ နှင့် တင်သွင်းသူများထဲမှ တစ်ခုဖြစ်သော တရုတ်နှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ကုန်သွယ်ရေး မိတ်ဖက်အဖြစ် တည်ဆောက်သင့်ကြောင်း၊ ထိုင်းနိုင်ငံသည် ၎င်း၏ အဆင်ပြေသော ထောက်ပံ့ပို့‌ ဆောင်ရေး တည်နေရာဖြစ်သည့် ကုန်းမြေချိတ်ဆက်စီမံကိန်းမှတစ်ဆင့် တရုတ်ပို့ကုန်များအတွက် အက်ဒမန်ပင်လယ်သို့ ဝင်/ထွက်ပေါက်ဖြစ်စေမည့် နိုင်ငံ၏ အားသာချက်ကို မြှင့်တင်သင့်ကြောင်း၊ ပထဝီအနေအထားအရ စုစုပေါင်းဧရိယာ၏ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးအတွက် သင့်တော်သော မြေနေရာလွတ်များရှိသည့် အပူပိုင်းနိုင်ငံတစ်ခုဖြစ်ကြောင်း ဝန်ကြီးက ထောက်ပြခဲ့ပါ သည်။

ထိုင်းနိုင်ငံသည် ရှုထောင့်မျိုးစုံတွင် ကောင်းမွန်စွာပြင်ဆင်ထားသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် နည်းလမ်းများရှာဖွေရန် လိုအပ်နေပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံအတွင်းရှိ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုအောက် ၂၀ ရာခိုင်နှုန်း လျော့နည်းနေသော်လည်း ထပ်လောင်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန်မှာ အရေးကြီးပါကြောင်း၊ အထူးသဖြင့် နည်းပညာသစ်များ ပုံစံများ ဖြစ်ပြီး အခြားသော ဆက်စပ်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရန် အခြေခံခိုင်ခိုင်မာမာရှိသော်လည်း ဈေးကွက်လိုလားချက်နှင့် ကိုက်ညီသော ကုန်စည်များ ထုတ်လုပ်ရာတွင် နည်းပညာမြှင့်တင်ရန် လိုအပ်နေသေးပါကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် ၁ နှစ်လျှင် ကလေးငယ် ၅၀၀,၀၀၀ မွေးဖွားလျက်ရှိသဖြင့် လူဦးရေ ၆၇ သန်းရှိပါ ကြောင်း၊ လူဦးရေ၏ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၂၀ ရာခိုင်နှုန်းကျော်သည် သက်ကြီးလူဦးရေဖြစ်ပြီး  ၂၀၂၃ ခုနှစ်တွင် သက်ကြီးလူဦးရေသည် ၁၃ သန်းဖြင့် နိုင်ငံကို “Aged Society” ဖြစ်စေခဲ့ပါကြောင်း၊ လာမည့် ၁၀ နှစ်အတွင်း အသက် ၆၀ နှင့် အထက် လူဦးရေသည် စုစုပေါင်းလူဦးရေ၏ ၃၀ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ကြောင်း၊ အလုပ်လုပ်နိုင်သည့် ဦးရေမှာလည်း သက်ကြီးဦးရေပမာဏကဲ့သို့ပင် ဖြစ် ကြောင်း၊ မွေးဖွားနှုန်းကျဆင်းခဲ့ရခြင်း၏ အဓိကအကြောင်းအရင်းမှာ စီးပွားရေးအခြေအနေများ ကြောင့်ဖြစ်ပြီး လူမှုရေးပြဿနာများကို ဖြေရှင်းရန်မှာ စီးပွားရေးပြဿနာများကို ဖြေရှင်းရန်ဖြစ် ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခြေအနေများနှင့်စပ်လျဉ်း ၍ တရုတ်မတည်ရင်းနှီးမှုများ၏ နိုင်ငံအပေါ်တွင် သက်ရောက်မှု ၇ ချက်ရှိပါကြောင်း၊ ယင်းတို့မှာ တရုတ်ကုန်စည်များအတွက် အခွန်ရှောင်လွှဲမှု၊ ထိုင်းစီးပွားရေးကို ထိခိုက်စေမှု၊ ခရီးသွားမော်တော် ကားများ၊ ခရီးသွားလမ်းညွှန်များ၊ စားသောက်ဆိုင်နှင့် ဟော်တယ်များအပါအဝင် ဒေါ်လာမဲ့ခရီးသွား လုပ်ငန်းများကို တရုတ်လူမျိုးများ ဆောင်ရွက်နေမှုနှင့် ထိုင်းအဖွဲ့အစည်းများမှ  ထုတ်ပေးသည့် သက်သေခံလက်မှတ်များ မရှိသော အရည်အသွေးနိမ့်ပစ္စည်းများ ဖြစ်ကြောင်း၊ တရုတ်ကုန်သည်များ သည် သစ်သီးကုန်သွယ်ရာတွင် ဥယျာဉ်ခြံတစ်ခုလုံးဝယ်ယူခြင်းနှင့် ဈေးနှုန်းထိန်းချုပ်ခြင်းဖြင့် လက်ဝါး ကြီးအုပ်လေ့ရှိပါကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ Mr. Sangchai Theerakulv-anich က ဖြည့်စွက်ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးနယ်ပယ်တွင်လည်း အိမ်အလှဆင်၊ ပရိဘောဂနှင့် သံမဏိ စသည်တို့တွင် တရုတ်နိုင်ငံထုတ် တန်ဖိုးနည်းဆောက်လုပ်‌ရေး ပစ္စည်းများကြောင့် ထိခိုက်မှုရှိပါကြောင်း၊ ထောက်ပံ့ပို့ ဆောင်‌ရေးနယ်ပယ်တွင်လည်း တရုတ်ပိုင်ကုန်တင်ကားများက လွှမ်းမိုးထားပါကြောင်း၊ Temu ပလက် ဖောင်းဝင်ရောက်လာမှုသည်လည်း ထိုင်းထုတ်ကုန်များနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများကို သက်ရောက်ပါကြောင်း Mr. Sangchai က ဆက်လက်ပြောကြားခဲ့သည်။

အစိုးရသစ်အနေဖြင့် အရှိန်မမြှင့်တင်မီ တရုတ်ကုန်ပစ္စည်းများနှင့် ရင်းနှီးမြှုပ်နှံမှုများသည် ပြည်တွင်းပို့ကုန်များနှင့် ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်သဖြင့် ထိုင်းတို့အတွက် အပျက်သဘောဖြစ်စေ သည်ဟု ရှုမြင်သုံးသပ်၍ အရေးတကြီး ဖြေရှင်းသင့်ပါကြောင်း၊ တရုတ်နှင့်ပူးပေါင်း၍ “Win-Win” ကုန်သွယ်မှုပုံစံကို အကြံပြုလိုကြောင်း၊ တရုတ်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ချက်ချင်း မဖြေရှင်း ပါက ထိုင်းပို့ကုန်နှင့် ခရီးသွားလုပ်ငန်းများတွင် သိသိသာသာ ထိခိုက်လာနိုင်သဖြင့် တရုတ်နှင့်ကုန် သွယ်ရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာနိုင်ကြောင်း Panyapiwat Institute of Manage-ment ဥက္ကဋ္ဌ၊ တရုတ်နှင့် အမေရိကန်စီးပွားရေး ပညာရှင် Mr. Sompop Manarungsan က သုံးသပ် အကြံပြုထားပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News