International News

ဗီယက်နမ်နိုင်ငံသည် ကမ္ဘောဒီးယားမှ သီဟိုဠ်စေ့ တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်လာ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၇ လတာကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံမှ သီဟိုဠ်စေ့ကုန်ကြမ်း တင်သွင်းမှုပမာဏမှာ တန်ချိန် ၇၈၆,၅၃၀ ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ခန့်ရှိကြောင်း၊ ခုနစ်လတာကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံမှ သီဟိုဠ်စေ့ထွက်ရှိမှု၏ ၉၅ ရာခိုင်နှုန်း နီးပါးရှိကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းဇယား များအရ သိရှိရပါသည်။အဆိုပါကိန်းဂဏန်းများသည် ပမာဏအားဖြင့် ၃၄.၁ ရာခိုင်နှုန်းခန့် တိုးလာပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန်ဖိုး ၂၆.၃ ရာခိုင်နှုန်း သိသိသာသာ တိုးမြင့်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘောဒီးယားမှ သီဟိုဠ်စေ့တင်သွင်းမှု အချိုးအစားမှာ ၄၇.၂ ရာခိုင်နှုန်းရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉.၆ ရာခိုင်နှုန်း တိုးမြင့်လာသည်။လက်ရှိတွင် ဗီယက်နမ်သည် သီဟိုဠ်စေ့ ထုတ်လုပ်မှုနှင့် တင်ပို့မှုတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်ကြောင်း၊ ရှစ်လတာကာလအတွင်း သီဟိုဠ်စေ့တန်ချိန် ၄၇၈,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ပမာဏမှာ ၂၂.၉ ရာခိုင်နှုန်း နှင့် တန်ဖိုးအားဖြင့် ၂၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါ သည်။ဗီယက်နမ်သည် သီဟိုဠ်စေ့ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် သီဟိုဠ်စေ့ ကုန်ကြမ်းတင်သွင်းခြင်းအပေါ် အဓိကအားထားနေရကြောင်း၊ သီဟိုဋ္ဌ်စေ့ ကုန်ကြမ်းအား အများအားဖြင့် ကမ္ဘောဒီးယားမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ မကြာသေးမီနှစ်များအတွင်း ကမ္ဘောဒီးယားသည် အာဖရိကနှင့်အတူ ပြည်တွင်း သီဟိုဠ်စေ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခဲ့ပြီး ကုန်ကြမ်း ပမာဏ ဖြည်းဖြည်းချင်း လျှော့ချကာ တင်ပို့ခဲ့ကြောင်းဖော်ပြထားသည်။

ထို့ကြောင့် ဗီယက်နမ် သီဟိုဠ်စေ့အသင်းသည် နိုင်ငံ၏ အနေအထားကို ကမ္ဘာ့ထိပ်တန်း သီဟိုဠ်စေ့တင်ပို့သူအဖြစ် ထိန်းသိမ်းထားရန် ကြိုးပမ်းရာတွင် ကုန်ကြမ်းရရှိရေး အရင်းအမြစ်များ သေချာစေရန်လိုအပ်ကြောင်း ပြည်တွင်းကုမ္ပဏီများကို အကြံပြုထားသည်။ဗီယက်နမ်တွင် သီဟိုဠ်စေ့ စိုက်ပျိုးဧရိယာ တိုးချဲ့ရန် ခက်ခဲမှုများကြောင့် ဗီယက်နမ် သီဟိုဠ်စေ့ လုပ်ငန်းရှင်များအနေဖြင့် ကမ္ဘောဒီးယားနှင့် လာအိုတောင်ပိုင်းရှိ သီဟိုဠ် စိုက်ပျိုး ဧရိယာများ ပူးပေါင်းဆောင်ရွက်သွားရန် အကြံပြုထားသည်။

 

Source: VOV.VN

(ဒေါ်ဝင့်န္ဒာကျော် ကျော် ၊စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News