International News

အမေရိကန်-တရုတ် ကုန်သွယ်ရေးပဋိပက္ခကြောင့် ထိုင်းနိုင်ငံအနေဖြင့် ပို့ကုန်တိုးတက်နိုင်သည့် အလားအလာရှိကြောင်း စက်မှုစီးပွားရေးရုံးက ပြောကြားခဲ့

Last Updated:

ဝါရှင်တန်နှင့် ဘေဂျင်းတို့အကြား ကုန်သွယ်ရေးပဋိပက္ခကြောင့် တရုတ်ပို့ကုန်သင်္ဘောများကို တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်သည့် ခြိမ်းခြောက်မှုဖြစ်လာနိုင်သဖြင့် အမေရိကန်သို့ ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့လာသောကြောင့် ထိုင်းနိုင်ငံအနေဖြင့်အကျိုးကျေးဇူးရှိနိုင်ကြောင်း စက်မှုစီးပွားရေးရုံး၏ ပြောကြားချက်အရ သိရှိရပါသည်။

အာဆီယံဒေသတွင်း၌ ထိုင်းနိုင်ငံသည် အဓိက ထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံများစွာ သို့ ကုန်ပစ္စည်းများ တင်ပို့လျက်ရှိကြောင်း၊ ကုန်သွယ်ရေးပဋိပက္ခသည် ထိုင်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းသစ်ဖြစ်ပေါ်စေပါကြောင်း၊ ပြည်တွင်းကုမ္ပဏီများ အနေ ဖြင့် ထုတ်ကုန်အချို့အတွက် တရုတ်လုပ်ငန်းရှင်များနေရာတွင် ပို့ကုန်လုပ်ငန်းရှင်များအဖြစ် အစားထိုး နိုင်ရန်အလို့ငှာ ကုန်ပစ္စည်း ဖွံ့ဖြိုးတိုးတက်မှုနှင့် လုပ်ငန်းအစီအစဉ်များအပေါ် လေ့လာဆောင်ရွက်ရန် အကြံပြုလိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာလုံးဆိုင်ရာပူနွေးမှုကို ဆန့်ကျင်သော လှုပ်ရှားမှု နှင့် ကိုက်ညီမှုရှိသည့် ထုတ်လုပ်မှုများဖြစ်စေရေး ပိုမိုသတိထားဆောင်ရွက်စေလိုကြောင်း ညွှန်ကြား ရေးမှူးချုပ် Ms. Warawan Chitaraoon က ပြောကြားခဲ့သည်။

အမေရိကန်သို့ တင်ပို့မည့် ပို့ကုန်ပစ္စည်းများ မြှင့်တင်ရန်နှင့် ထုတ်လုပ်ရာတွင်  ပြည်တွင်း ကုမ္ပဏီများကို အကူအညီပေးရန် ရုံးအနေဖြင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့နှင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုင်းနိုင်ငံရှိ လျှပ်စစ်မော်တော်ကား၊ လီသီယမ်အိုင်ရွန်ဘတ္တရီ၊ ဆိုလာပြားနှင့် တည် ဆောက်ရေး ပစ္စည်းနှင့် ဆက်စပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားကုမ္ပဏီများကို စည်းရုံး သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကား၊ လီသီယမ်အိုင်ရွန်ဘတ္တရီနှင့် ဆိုလာပြားများ၏ ဝယ်လိုအားကြီးထွားလာသဖြင့် နိုင်ငံအတွင်း ယင်းပစ္စည်းထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုကို တွန်းအားဖြစ်လာနိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ် အစောပိုင်းတွင် အမေရိကန်သမ္မတ ဘိုင်ဒန်အစိုးရက ဘေဂျင်း၏ မမျှတသော ကုန်သွယ်ရေးအလေ့အထများကြောင့် အခွန်နှုန်းထားများတိုးမြှင့်မှုကို ဖြစ် လာစေကြောင်း၊ လျှပ်စစ်မော်တော်ကားအတွက် အခွန်ကို ၁၀၀ ရာခိုင်နှုန်းထိရောက်ရှိစေရန် ၄ ဆထိတိုးမြှင့်၍လည်းကောင်း၊ ဆိုလာပြားများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအတွက် ၅၀ ရာခိုင်နှုန်းထိရောက်ရှိစေရန် ၂ ဆထိတိုး မြှင့်၍လည်းကောင်း၊ တရုတ်မှတင်သွင်းသော သံမဏိနှင့် အလူမီနီယမ်များအတွက် ၂၅ ရာခိုင်နှုန်းထိ တိုးမြှင့်၍ လက်ရှိထက် ၃ ဆ ကျော်လွန်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ၎င်း၏ အကျိုးစီးပွား အတွက် အစီအမံများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီဒီယာ၏ ဖော်ပြချက်တွင် ပါရှိပါသည်။

ကုန်သွယ်ရေးပဋိပက္ခကြောင့် ထိုင်းနိုင်ငံတွင် တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု၏ ထိခိုက်မှုများအပေါ် စက်မှုဝန်ကြီးဌာနအနေဖြင့် လေ့လာနေပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အချို့ ဝယ်ယူ သူများက ထိုင်းနိုင်ငံမှ တင်ပို့သော ထုတ်ကုန်များကို ထိုင်းနိုင်ငံတွင် ပြုလုပ်သော တရုတ်ပစ္စည်းများဟု မှတ်ယူနိုင်ကြောင်း၊ အစိုးရအနေဖြင့်လည်း ယင်းပြဿနာအပေါ် စိုးရိမ်လျက်ရှိသဖြင့် မိမိတို့ရုံးအနေဖြင့်လည်း စောင့်ကြည့်လျက်ရှိကြောင်း Ms. Warawan က ဖြည့်စွက်‌ပြောကြားခဲ့သည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News