International News

စင်ကာပူနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား တစ်ပိုင်းလျှပ်ကူးပစ္စည်း စီးပွားရေးစနစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Last Updated:

တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကဏ္ဍတွင် စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါသည်။ နားလည်မှုစာချွန်လွှာမှာ အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကဏ္ဍကို အထောက်အကူဖြစ်စေရန်နှင့် အိန္ဒိယနိုင်ငံ ဈေးကွက်တွင် စင်ကာပူနိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ဆက်စပ် လုပ်ငန်းများ ပါဝင်နိုင်ရန်ရည်ရွယ်ပါသည်။

နားလည်မှုစာချွန်လွှာကို စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (Ministry of Trade and Industry) ဝန်ကြီး Gan Kim Yong နှင့် အိန္ဒိယနိုင်ငံ လျှပ်စစ်နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (Ministry of Electronics and Information Technology) ဝန်ကြီး Ashwini Vaishnaw တို့က India-Singapore Ministerial Roundtable တွင် လက်မှတ်ရေးထိုးခဲ့ပြီး စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် Lawrence Wong နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Narendra Modi တို့၏ ရှေ့မှောက်တွင် လဲလှယ်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi ၏ စင်ကာပူနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်တွင် စင်ကာပူတစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းများဖြစ်သည့် AEM Singapore သို့ သွားရောက်လေ့လာ ခဲ့ပြီး APP Systems၊ Century Water, Ecsal Technologies၊ NexGen Wafer Systems၊ PEP Innovation နှင့် Temasek Polytechnic တို့နှင့် တွေ့ဆုံခဲ့ပါသည်။

နားလည်မှုစာချွန်လွှာအရ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက် ရေရှည် တည်တံ့စေရေး အခွင့်အလမ်းများရယူရန်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းစီးပွားရေးစနစ်တွင် စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ အားသာချက်များကို အသုံးချမည်ဖြစ်ပြီး ယင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် နှစ်ဖက်အစိုးရပါဝင်ဦးဆောင်သည့် မူဝါဒပိုင်းဆိုင်ရာ ဖလှယ်သည့် အစီအစဉ်၊ ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်ခိုင်မာရေး၊ လုပ်သားအင်အားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ လျှပ်စစ်နှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနတို့သည် ဆွေးနွေးမှုများ အဆင်ပြေချောမွေ့စေရန်၊ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ အကောင်အထည်ဖော်မှုကို ကြီးကြပ်ရန်နှင့် အလေ့အကျင့်ကောင်းများကို ဖလှယ်ရန်အတွက် မူဝါဒဆွေးနွေးမှု (Policy Dialogue) ကို ထူထောင်သွားမည်ဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို Enterprise Singapore နှင့် India Semiconductor Mission (ISM) တို့က ဦးဆောင်၍ ဖွဲ့စည်း သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် အားပေး သွားမည်ဖြစ်ပါသည်။

“နားလည်မှုစာချွန်လွှာသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ကမ္ဘာ့ဝယ်လိုအားကို ဖြည့်တင်းနိုင်ရန် ပူးပေါင်းဆောင်ရွက်မည့် စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ကတိကဝတ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများနှင့် ဈေးကွက်အသစ်များကို ဖန်တီးနိုင်မည် ဖြစ်ပြီး ထုတ်လုပ်ထောက်ပံ့မှုကွင်းဆက်ကို ခိုင်မာအားကောင်းစေမည်ဖြစ်ကြောင်း” စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (Ministry of Trade and Industry) ဝန်ကြီး Gan Kim Yong က ပြောကြားခဲ့ပါသည်။

“စင်ကာပူနိုင်ငံသည် ကမ္ဘာ့တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းထုတ်လုပ်ထောက်ပံ့မှုကွင်းဆက်တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ စင်ကာပူကုမ္ပဏီများသည် ကမ္ဘာ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်၍ ကျွမ်းကျင်မှုများ၊ အောင်မြင်မှု များ ရရှိလျက်ရှိကြောင်း၊ ထို့ပြင် ကမ္ဘာ့ Chip ထုတ်လုပ်သူများနှင့် အကြီးစားစက်ကိရိယာ ထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင် ကြောင်း၊ ထိုသို့သော ဆောင်ရွက်နိုင်မှုများသည် အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာ အားကောင်းစေမည်ဖြစ်ကြောင်း၊ နားလည်မှုစာချွန်လွှာအရ အခွင့်အလမ်းများကို ရယူဆောင်ရွက် ကြရန် စင်ကာပူကုမ္ပဏီများကို အားပေးသွားမည်ဖြစ်ကြောင်း” Enterprise Singapore မှ Deputy Managing Director ဖြစ်သူ Tan Soon Kim က ပြောကြားခဲ့ပါသည်။

Enterprise Singapore နှင့်   Singapore Precision Engineering & Technology Association (SPETA) တို့ပူးပေါင်း၍ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် SEMICON India show ပြပွဲတွင် စင်ကာပူပြခန်းအဖြစ် ပါဝင် ပြသသွားမည်ဖြစ်ပါသည်။ Singapore Semiconductor Industry Association (SSIA) နှင့် India Electronics and Semiconductor Association တို့ ပူးပေါင်း၍ အိန္ဒိယနိုင်ငံသို့ စီးပွားရေးခရီးစဉ် တစ်ခုကို စီစဉ်လျက်ရှိပါသည်။

အိန္ဒိယနိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုအတွက် ကမ္ဘာ့အဓိကနေရာဖြစ်စေရေး ရည်မှန်းထားပြီး စင်ကာပူနိုင်ငံအနေဖြင့်လည်း အိန္ဒိယနိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းကဏ္ဍတွင် ပါဝင်နိုင်ရေး ယင်း၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းစီးပွားရေးစနစ်မှ ခိုင်မာ အားကောင်းသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီများကို ပံ့ပိုးကူညီလျက်ရှိပါသည်။

 

Socure -       The Ministry of Trade and Industry

သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News