Local News

နယ်စုံမှအသစ်ဝင်ပဲများ ဝင်ရောက်မှုများလာပြီး အရောင်းအဝယ်သွက်နေ

Last Updated:

ရွှေမန်း

     ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံး ပဲမာလိုင်းများအားလုံး မတ်လဆန်းပိုင်းတွင် နယ်စုံမှ အသစ်ဝင်ပဲများ ဝင်ရောက်မှုများလာပြီး အရောင်းအဝယ်သွက်နေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ ဖေဖော်ဝါရီလကုန်များက ပြည်တွင်းသုံးကုလားပဲများ ပမာဏများများဝင်ရောက်မှုရှိလာသော်လည်း ဈေးကျဆင်းမှုမရှိဘဲ ဈေးကောင်းနေသလို လက်ရှိမှာလည်း ပဲမာလိုင်းများ နယ်စုံမှ ဝင်ရောက်လာမှုရှိလာရာ ပဲ၊ နှမ်းဈေးကွက်မှာ အရောင်းအဝယ် မြိုင်ဆိုင်နေသည့်ကာလဖြစ်ကြောင်း၊ ယခင်နှစ်များလို ပဲအသစ်တွေ အဝင်များချိန် ဈေးကျဆင်းလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲတီစိမ်း၊ မတ်ပဲမှာ ပဲထွက်ရှိမှု နည်းပါးခြင်းနှင့် မိုးလေဝသမမှန်တာကြောင့် အချို့တောင်သူတွေ ပဲထွက်ချိန်နှစ်ပိုင်းကွဲသလို ဖြစ်ခဲ့တာကြောင့်လည်း ပဲအသစ်ဝင်ရောက်မှုက အချိန်ခွဲဝင်ရောက်လာသလိုဖြစ်တာကြောင့်လည်း ဈေးကွက်မှာ ရှေ့၊ နောက်ချိတ်ဆက် အဝယ်ကောင်းနေခြင်းဖြစ်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။

     ထို့ပြင် အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်မြင့်မားမှုကို အဝယ်ကုန်သည်များ ပါးနပ်စွာ ထိန်းထိန်းသိမ်းသိမ်းဝယ်နေတာကြောင့်လည်း ပို့ကုန်ပဲများမှာ ယခင်နှစ်များထက် အမြင့်ဈေးဖြစ်လာ သော်လည်း တဖြည်းဖြည်းမြင့်တက်လာသည့် ပုံစံဖြင့်သာ အရောင်းအဝယ်ကောင်းနေခြင်းဖြစ်ကြောင်း၊ အလားတူ တရုတ်လိုင်းအဝယ်ရှိသည့် ပဲတီစိမ်းမှာလည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက တင်ပို့မှုထက် ပုံမှန်ကုန်သွယ်ရေးသ‌ေင်္ဘာတင်လိုင်းက ပိုမိုအဆင်ပြေတာကြောင့်လည်း ပေါက်ဈေးက အမြင့်ဈေးနဲ့ ခပ်ငြိမ်ငြိမ်လေးသွားနေကြောင်း ပဲကုန်သည်များက ပြောသည်။

     မတ်လဆန်းပိုင်းတွင် ပဲစင်းငုံပေါက်ဈေးက အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်သတင်းများနှင့် ပြည်တွင်းအထွက်နှုန်းကျဆင်းခြင်းကြောင့် ဆက်တိုက်မြင့်တက်လာပြီး မတ်ပဲဈေးကတော့ ကျလိုက်တက်လိုက်ဈေးအနည်းငယ် ဈေးကစားမှုရှိသည်။ ပို့ကုန်ပဲများ အထွက်နှုန်းကျဆင်းသလို ပြည်တွင်းသုံးကုလားပဲများ ယခုနှစ် အထွက်နှုန်းကောင်းကောင်းရရှိကြကြောင်း၊ ပဲမာလိုင်းများမှာ မြေထောက်ပဲတစ်မျိုးသာ ဈေးအကောင်းဆုံးရရှိနေခြင်းဖြစ်ပြီး အခြားပဲမာလိုင်းများလည်း ယခင်နှစ်ကာလတူထက် ဈေးကောင်းရှိနေကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း) ပွဲရုံက ပြောသည်။

     "မတ်ပဲဈေးကတော့ အနည်းငယ်ပြန်အေးချင်တယ်။ ပဲစင်းငုံက အဝယ်လိုက်အားရော ဈေးရောကောင်းနေပါတယ်။ ပိဿာ ၆၀ အိတ်တစ်အိတ်လျှင် ကျပ် ၂၀၆၀၀၀ လောက်ပဲ ဝယ်ချင်တယ်။ ဈေးကတော့ သိပ်တက်မလာတော့ဘူး။ မတ်ပဲဆိုရင် ငွေကျပ် ၁၈၁၀၀၀-၁၈၂၀၀၀ လောက်ပေါက်ဈေးရှိနေပါတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုကတော့ ဖေဖော်ဝါရီလကုန်ရက်တွေက ဈေးအနည်းငယ်ကျဆင်းသွားရာကနေ ဈေးပြန်မြင့်တက်လာလို V2 ကုလားပဲ ၅၄ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၉၃၀၀၀ ထိပေါက်ဈေးရှိပါတယ်။ လက်ရှိအခြေအနေကတော့ ဈေးမတက်နိုင်သလို ဈေးကျဆင်းမှုလည်း မရှိနိုင်ဘူး။ တက်နည်းနည်း ကျနည်းနည်းနဲ့ သွားလိမ့်မယ်။ မြေထောက်ပဲကတော့ ထိပ်စဈေးတစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀ ဈေးအကောင်းဆုံးဖြစ်နေပါတယ်။ ပြည်တွင်းဒေါ်လာငွေ ဈေးကလည်း အတက်ဘက်မပါတော့ ထူးထူးခြားခြားဈေးအပြောင်းအလဲမရှိပါဘူး။ မတ်လဆန်းပိုင်းမှာ ပဲမျိုးအသစ် အစုံအလင်နယ်စုံကနေ ဝင်ရောက်လာသလောက် အရောင်းအဝယ်ကောင်းတဲ့ အခြေအနေပါ။ ပဲနှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ် ခပ်သွက်သွက်ဖြစ်နေတယ်။ လက်ရှိ ပဲ၊ နှမ်းပေါက်ဈေးကလည်း အမြင့်ဈေးမှာရှိနေတာပါ" ဟု ၎င်းကပြောသည်။

     မတ်လ ၂ ရက်တွင် ပဲတီစိမ်းရွှေဝါ တစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀၊ လမ်းပဲ(ဒိုက်ဦး)လက်ခူး ပဲတစ်အိတ်လျှင် ငွေကျပ် ၂၁၅၀၀၀-၂၁၇၀၀၀၊ ပြွန်တန်ဆာပဲတစ်အိတ်လျှင် ငွေကျပ် ၂၀၈၀၀၀၊ ညောင်လေးပင်ပဲ တစ်အိတ်လျှင် ငွေကျပ် ၁၉၇၀၀၀-၁၉၈၀၀၀ အရည်အသွေးအလိုက် ပေါက်ဈေးကွာခြားသွားကြောင်း သိရသည်။ ပဲတီစိမ်းဈေးကွက်မှာ မန္တလေးဈေးကွက်နှင့် ရန်ကုန်ဈေးကွက်နှစ်ခုလုံး အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။ ပဲတီစိမ်းအထွက်နှုန်းက ပုံမှန်အထွက်နှုန်းအတိုင်း ထွက်ရှိလာမည်ဖြစ်သော်လည်း ရာသီဥတုကြောင့် ယခင်နှစ် တွေလို တပြိုင်တည်းထွက်လာတာမျိုးမဟုတ်ဘဲ ရှေ့ထွက်၊ နောက်ထွက်နှင့် ချိတ်ဆက်ထွက်ရှိတာကြောင့်လည်း ဈေးကျဆင်းတာမျိုးမရှိဘဲ ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန် ရှိနေကြောင်း မန္တလေးပဲကုန်သည် ဦးသိန်းဇံက ပြောသည်။

မကွေးဂျာနယ်

Category: Local News