Local News

ကြက်သွန်နီအဝင်များသည့်အတွက် မန္တလေးဈေးကွက်တွင် အတက်အကျမရှိဘဲ ပုံမှန်အနေအထားတွင်ရှိနေ

Last Updated:
ရွှေမန်း
     ယခုလပိုင်းတွင် ကြက်သွန်နီထွက်အားကောင်းနေပြီး တောင်သူများက လက်ဝယ်မထားတော့ဘဲ ရောင်းချနေခြင်းကြောင့် မန္တလေးဈေးကွက်သို့ အဝင်များကာ အတက်အကျမရှိဘဲ ယခင်လက ဈေးများအတိုင်း ပုံမှန်အနေ အထားတွင်ရှိနေကြောင်း မန္တလေးကြက်သွန်ဈေးကွက်မှ သိရသည်။ အထွက်နှုန်းများချိန် ဈေးကျဆင်းသည်ဆိုသော်လည်း လက်ရှိတွင် ကြက်သွန်နီကို ဗီယက်နမ်၊တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်တင်ပို့ရန် ဝယ်ယူမှုများကြောင့် ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ အထက်တွင် ဈေးငြိမ်နေသည်ဟု ဆိုသည်။

      “ကြက်သွန်ပေါပြီဆိုရင် တစ်ပိဿာ ၂၀၀-၃၀၀ တောင် ဝယ်သူမရှိဖြစ်ခဲ့တဲ့နှစ်မျိုးရှိခဲ့ဖူးတယ်။ ကြက်သွန်နီထွက်အားကောင်းတဲ့ ခုလိုချိန်မှာ ပြည်ပက ဝယ်တာရှိနေလို့ ဈေးကအကျနှေး တာပါ။  ပြည်ပဝယ်ယူမှုကလည်း ခြောက်တာနဲ့  ကောင်းတာပဲဝယ်တော့  ခုဝင်လာတာက  အသစ်ဖြစ်လို့ ကြက်သွန်နီက စိုနေတာ။  သူတို့ဝယ်လို့လည်းဈေးက တင်းခံနေတဲ့သဘောပဲ”ဟု မန္တလေးမြို့ ကိုင်းတန်းဈေးမှ ကြက်သွန်ပွဲရုံပိုင်ရှင် ကိုမောင်က ပြောသည်။
လက်ရှိ ကြက်သွန်နီ တစ်ပိဿာ၏ လက်ကားပေါက်ဈေးအရ မြစ်သား(ထိပ်စ)မှာ အနိမ့်ဆုံး ငွေကျပ် ၁၂၀၀ မှ အမြင့်ဆုံး ၁၅၀၀ နှင့် ကြက်သွန်နီ(အကြမ်း)ဈေးမှာ ငွေကျပ် ၅၀၀ မှ ၈၀၀ ဝန်း ကျင်ရှိကြောင်း၊   အရည်သွေးကောင်းပါက ပေါက်ဈေးထက် ငွေကျပ်  ၁၀၀-၂၀၀ ထိ ပိုမိုရရှိပြီး ပြည်ပတင်ပို့မှုအတွက် ရန်ကုန်(ဘုရင့်နောင်) ဈေးကွက်သို့  တင်ပို့သူများလည်းရှိကြောင်းသိရ သည်။
     “တောင်သူတွေကလည်း အရည်အသွေးမမှီတာတွေကို ရောင်းနေကြတယ်။ နောက်လဆိုရင်  ကြက်သွန်ဖေါ်မှာတွေကလည်း အများကြီးရှိသေးတော့ ကြိုတင်ဈေးမှာ ၇၀၀-၈၀၀ လောက် ပေးရင်   ရောင်းနေကြတယ်။    အကြောင်းအမျိုးမျိုးကြောင့်အများစုက    လက်ထဲမထားတော့ဘူး။   ပြည်ပတင်ပို့ဖို့   ဝယ်တော့ဝယ်ကြပေမယ့်  လမ်းပန်းအခြေအနေကြောင့်  ခပ်အေးအေး အနေအထားမှာပဲရှိတယ်”ဟု ဆက်လက်ပြောကြားသည်။

     ယခုဈေးကွက်သို့ ဝင်လာသည့် နွေစိုက်ကြက်သွန်နီ (အကြမ်း) မှာ ကြာရှည်အထားခံသောကြောင့်  လှောင်လက်များအကြိုက်ဖြစ်ပြီး ယခုနှစ်တွင် ယမန်နှစ်ထက် ကြက်သွန်နီ  ထွက်နုန်း ကောင်းမှာ ၂ ဆခန့် ပိုမိုလာသောကြောင့် သိုလှောင်ရန်ဝယ်ယူမှုအတွက် ဈေးကွက်နှင့် ကြက်သွန်နီအရည်အသွေးကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု မြစ်သားမြို့မှ ကြက်သွန်နီပွဲ စားတစ်ဦး ကသုံးသပ်ပြောဆိုသည်။

     နွေစိုက်ကြက်သွန်ပေါ်လာတဲ့ စပ်ကူးမတ်ကူးကာလ လို့ပြောရမယ်။ တစ်နှစ်လုံးလှောင်လို့ရတဲ့ ကြက်သွန်နီတွေ စပေါ်တာဖြစ်ပြီး လာမယ့် ဧပြီလလောက်ထိ အများကြီးထွက်လာမယ်။အထွက်က မနှစ်က စိုက်တဲ့သူနည်းတာ နဲ့ ရာသီဥတုကြောင့်  အထွက်နည်းလို့ ပြီးခဲ့တုန်းကဈေးကောင်းခဲ့တော့ ကြက်သွန် စိုက်ဧကတိုးလာပြီး အထွက် နုန်းများလာတာပေါ့”ဟု ၎င်းကပြော သည်။
     ပြီးခဲ့သည့် ကြက်သွန်နီဈေးကွက်တါင် မိတ်စားကြက်သွန်များဖြစ်ပြီး တော်သလင်းနှင့် သီတင်းကျွတ်လများတွင် စိုက်ပျိုးထွက်ရှိခြင်းဖြစ်ပြီး ရာသီဥတုနှင့် စိုက်ပျိုးသူနည်းခဲ့သဖြင့် တစ်ဧကလျင် ပိသာချိန် အများဆုံး ၂၀၀၀ ခန့်သာထွက်ရှိခဲ့ပြီး ယခုဈေးကွက်မှ ကြက်သွန်နီများမှာ တစ်ဧကလျင်  ပိသာချိန် ၂၀၀၀ မှ၃၀၀၀ ထိ ထွက် ရှိကြောင်းသိရသည်။

မကွေးဂျာနယ်

Category: Local News