Local News

နယ်စပ်မူဝါဒအပြောင်းအလဲတွေကြောင့် ပြောင်းဈေး ဆက်တိုက်ကျဆင်း

Last Updated:
      ပြည်ပကို နယ်စပ်မှတဆင့် ပြောင်းတင်ပို့ရာမှာ မလိုအပ်တဲ့ မူဝါဒတွေချမှတ်ထားလို့ ဈေးကွက်မတည်ငြိမ်တဲ့အတွက် ယခုမတ်လဆန်းမှစတင်ပြီး ဈေးနှုန်းတဖြည်းဖြည်း ကျဆင်းလာတယ်လို့ ပြောင်းလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ နယ်စပ်တင်ပို့မှု မူဝါဒအပြောင်းအလဲတွေနဲ့ ကုန်တင်ကားခဈေး မြင့်တက်မှုတွေကြောင့် ဈေးချဝယ်ယူမှုတွေရှိနေပြီး နယ်စပ်ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းလဲရမယ်ဆိုတဲ့ကိစ္စကလည်း ဈေးကိုပိုကျဆင်းစေတာလို့ သိရပါတယ်။ 
     လက်ရှိပြောင်းကို ပြည်ပနိုင်ငံတွေရဲ့ဝယ်လိုအားက ရှိနေသေးပြီး မြန်မာနိုင်ငံရဲ့ မူဝါဒကြောင့် မလိုအပ်ဘဲ logistics ဖိုး စရိတ်တွေ ကုန်ကျလို့သာ ဈေးနှုန်းကျဆင်းတာဖြစ်လို့ ဈေးပြန်ကောင်းလာနိုင်တယ်လို့ ပြောင်းကုန်သည်ကြီးအချို့က သုံးသပ်ပါတယ်။ အရင်က ဈေးကွက်မှာ ပြောင်းတစ်ပိဿာ ကျပ် ၁၃၀၀ ကျော်ထိရှိခဲ့ရာမှ လက်ရှိတစ်ပိဿာကို ကျပ် ၁၂၀၀ ကျော် ပြန်ကျဆင်းလာခဲ့ပြီး ဒေသအလိုက် ဈေးနှုန်း အပြောင်းအလဲ အတက်အကျရှိနေတယ်လို့ သိရပါတယ်။ ပြည်ပပြောင်းတင်ပို့ရာမှာ ပင်လယ်ရေကြောင်းမှ အနည်းငယ်သာရှိပြီး ထိုင်းနယ်စပ်ဘက်သို့သာအဓိက တင်ပို့နေတယ်လို့ သိရပါတယ်။ ပြောင်းကို ထိုင်းနိုင်ငံက ကုန်သွယ်ရေးမူအရ နှစ်စဉ်ဖေဖော်ဝါရီလ ၁ ရက်ကနေ မှ သြဂုတ် ၃၁ ရက်ထိ အကောက်ခွန် သက်သာခွင့် သုညရာခိုင်နှုန်းနဲ့ တင်သွင်းခွင့်ပေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက မြဝတီနယ်စပ်ဂိတ်မှ တစ်နေ့ကို ပြောင်းကားအစီးရေ ၂၀၀ မှ ၃၀၀ ကြားတင်ပို့နိုင်ခဲ့တာဖြစ်ပြီး လက်ရှိ မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနဲ့ကုန်သွယ်မှု ကုန်ကားအစီးရေ ၅၀၀ ကျော်အနက် ပြောင်းတင်ပို့မှုက ၁၀၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။ နှစ်စဉ် ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ပြောင်းတန်ချိန် ၂ သန်းခွဲဝန်းကျင်ရှိပြီး ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို အဓိကတင်ပို့သလို အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ကိုလည်း အနည်းငယ်တင်ပို့တယ်လို့ သိရပါတယ်။ Myanma Platform
 current content
Category: Local News