International News

ဗီယက်နမ်ကော်ဖီ တင်ပို့မှု ဒေါ်လာ ၄ ဘီလီယံအထိ ရှိနိုင်

Last Updated:

     ဗီယက်နမ်ကော်ဖီ ဈေးကောင်းရပြီးဈေးနှုန်းများ မြင့်မားလျက်ရှိပြီး ယခုနှစ်တွင် ကော်ဖီတင်ပို့မှုမှ ၀င်ငွေ ကန်ဒေါ်လာ ၄ ဘီလီယံကျော် ရရှိမည်ဟု မျှော်မှန်းထား ပါသည်။ Mercantile Exchange of Vietnam (MXV) ၏ အဆိုအရ Robusta သည် ICE Futures Europe တွင် ဧပြီလ ၂၄ ရက်နေ့တွင် တစ်တန်လျှင် ပျမ်းမျှ ကန်ဒေါ်လာ ၂,၅၆၄ အထိ မြင့်တက်ခဲ့သည်။ ယခုနှစ် နှစ်ဆန်းပိုင်းထက် ၄၀% မြင့်တက်သည်။ ကော်ဖီတင်ပို့သည့် အဓိကနိုင်ငံများတွင် ကော်ဖီအထွက်နည်းသဖြင့် ဈေးမြင့်တက် လာသည်။

     ဗီယက်နမ်ကော်ဖီတင်ပို့မှုသည် ယခုနှစ်အစမှ ဧပြီလ ၁၅ ရက်နေ့အထိ တန်ချိန် ၆၃၄,၀၀၀ ကျော်ရှိကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။ ယမန်နှစ် အလားတူကာလတွင် တန်ချိန် ၆၆၃,၈၁၆ တင်ပို့ခဲ့သည်ထက် လျော့နည်းပါသည်။ ကမ္ဘာ့ကော်ဖီဈေးနှုန်းများ  မြင့်မားနေသည့်အလျောက် ဗီယက်နမ် ပြည်တွင်းစျေးနှုန်းများလည်း မြင့်တက်သည်။ တစ်ကီလိုလျှင် ဗီယက်နမ် ဒေါင် ၅၂,၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်မားခဲ့ကြောင်း giacaphe.com က ဖော်ပြခဲ့သည်။တင်ပို့မှု လျော့ကျနေမည်ဖြစ်သော်လည်း ဈေးအမြင့်ကို ရရှိနေမည်ဖြစ်သဖြင့် ယခုနှစ်တွင် ဗီယက်နမ်ကော်ဖီ တင်ပို့မှုသည် ကန်ဒေါ်လာ ၄ ဘီလီယံကျော် ရရှိမည်ဟု မျှော်မှန်းထားပါသည်။

Source: https://www.foodindustrydirectory.com.mm
 

Category: International News