Local News

ကုလားပဲလှိုင်လှိုင်ပေါ်ချိန်ဖြစ်သော်လည်း လှောင်လက်များ ဝယ်ယူနေသည့်အတွက် ဈေးနှုန်းမြင့်တက်လျက်ရှိ

Last Updated:

    မန္တလေးဈေးကွက်၌ ကုလားပဲလှိုင်လှိုင် ပေါ်ချိန်ဖြစ်သော်လည်း လှောင်လက်များ ဝယ်ယူနေသည့်အတွက် ဈေးနှုန်းမြင့်တက် လျက်ရှိကြောင်း မန္တလေးပဲနှမ်းဈေးကွက်အတွင်းမှ သိရသည်။ထိုသို့မြင့်တက်ရာတွင်   ပြီးခဲ့သည့် လဆန်းကထက် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀ ဝန်းကျင် မြင့်တက်နေခြင်း ဖြစ်သည်။ “ကုလားပဲက ဒီလဆန်းထဲမှာ ဈေးပြန်တက်လာတယ်။ ဒီအချိန်က ကုလားပဲလှိုင်လှိုင်ထွက်ပေါ်ချိန်ဆိုပေမယ့် လှောင်လက်တွေ ဝယ်နေတဲ့အတွက် အရောင်းသွက်နေတော့ တဖြည်းဖြည်း ဈေးပြန်ကောင်းနေတယ်” ဟု မန္တလေးမြို့မှ ပဲနှမ်း ကုန်သည် ဦးကြည်ဝင်းကပြောသည်။

     ထို့ပြင်   လှောင်လက်များအပြင်   ပဲခွဲစက်သမားများကလည်း ဝယ်ယူလျက်ရှိသည်။ ကုလားပဲကို ဆောင်းသီးနှံအဖြစ် အောက်တိုဘာ လမှ နိုဝင်ဘာလအတွင်း   စိုက်ပျိုးလေ့ရှိပြီး ဇန်နဝါရီလမှ ဧပြီလအတွင်း ရိတ်သိမ်းလေ့ရှိကြောင်း သိရသည်။ မတ် ၁၂ ရက်တွင် V2 အမျိုးအစား ကုလားပဲဖြူကြီးအသစ် ၅၇ ဒသမ ၂၅ ပိဿာဝင် တစ်အိတ်လျှင်    ငွေကျပ် ၁၉၄၀၀၀ မှ ၁၉၅၀၀၀၊ V7 အမျိုးအစား ကုလားပဲဖြူကြီးအသစ် ၅၇   ဒသမ ၂၅ ပိဿာဝင်တစ်အိတ်လျှင် ငွေကျပ် ၁၉၂၀၀၀၊ ထိုင်ဝမ်အမျိုးအစားကုလားပဲဖြူကြီးအသစ် ၅၆ ဒသမ ၂၅ ပိဿာဝင် တစ်အိတ်လျှင်   ငွေကျပ်   ၁၈၅၀၀၀   မှ ၁၈၆၀၀၀၊ 929 အမျိုးအစားကုလားပဲ အသစ် ၅၆ ဒသမ ၂၅ ပိဿာဝင်တစ်အိတ်လျှင်  ငွေကျပ်  ၁၈၅၀၀၀  မှ  ၁၈၆၀၀၀ အထိ ဈေးနှုန်းအသီးသီး ရှိနေကြောင်း သိရ သည်။ ကုလားပဲကို ပဲခူးတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ အများဆုံးစိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

https://myawady.net.mm

Category: Local News