Local News

ပဲစင်းငုံ ပေါက်ဈေး ဆက်လက်မြင့်တက်

Last Updated:

      ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံး ပဲမာလိုင်းများအားလုံး မတ်လဆန်းပိုင်းတွင် နယ်စုံမှ အသစ်ဝင်ပဲများ ဝင်ရောက်မှုများလာပြီး အရောင်းအဝယ်သွက်နေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ ဖေဖော်ဝါရီလကုန်များက ပြည်တွင်းသုံးကုလားပဲများ ပမာဏများများ ဝင်ရောက်မှုရှိလာသော်လည်း ဈေးကျဆင်းမှုမရှိဘဲ ဈေးကောင်းနေသလို လက်ရှိမှာလည်း ပဲမာလိုင်းများ နယ်စုံမှ ဝင်ရောက်လာမှုရှိလာရာ ပဲ၊ နှမ်းဈေးကွက်မှာ အရောင်းအဝယ်မြိုင်ဆိုင်နေသည့် ကာလဖြစ်ကြောင်း၊ ယခင်နှစ်များကကဲ့သို့ အသစ်များ အဝင်များချိန် ဈေးကျဆင်းလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲတီစိမ်း၊ မတ်ပဲမှာ ပဲထွက်ရှိမှုနည်းပါးခြင်းနှင့် မိုးလေ၀သမမှန်ခြင်းကြောင့် ပဲထွက်ချိန် နှစ်ပိုင်းကွဲသကဲ့သို့ ဖြစ်ခဲ့ပြီး ပဲအသစ်ဝင်ရောက်မှုသည် အချိန်ခွဲဝင်ရောက်လာခြင်း ကြောင့်လည်း ဈေးကွက်တွင် ရှေ့၊ နောက်ချိတ်ဆက် အဝယ်ကောင်းနေကြောင်း ပဲကုန်သည်များက သုံးသပ်ပြောကြားသည်။

     ထို့ပြင် အိန္ဒိယနိုင်ငံ၏ ပဲ လိုအပ်ချက်မြင့်မားမှုကို အဝယ် ကုန်သည်များ ပါးနပ်စွာ ထိန်းထိန်းသိမ်းသိမ်း ဝယ်နေခြင်းကြောင့်လည်း ပို့ကုန်ပဲများမှာ ယခင်နှစ်များထက် အမြင့်ဈေးဖြစ်လာ သော်လည်း တဖြည်းဖြည်းမြင့်တက်လာသည့် ပုံစံဖြင့်သာ အရောင်းအဝယ်ကောင်းနေခြင်းဖြစ်ကြောင်း၊ အလားတူ တရုတ်လိုင်းအဝယ်ရှိသည့် ပဲတီစိမ်းမှာလည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက တင်ပို့မှုထက် ပုံမှန်ကုန်သွယ်ရေးသင်္ဘောတင်လိုင်းက ပိုမိုအဆင်ပြေခြင်းကြောင့်လည်း ပေါက်ဈေးသည် အမြင့်ဈေးဖြင့် တည်ငြိမ်စွာဖြင့်သွားနေကြောင်း ပဲကုန်သည်များက ပြောသည်။

     ယခုလာမည့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲတီစိမ်း တန်ချိန် ၆ သိန်း တင်ပို့ရန်ရှိနေပြီး လေးကြိမ်ခွဲကာ တင်ပို့ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ပဲတီစိမ်းများကို ပြည်ပတင်ပို့မှုလေးကြိမ်တွင် တစ်ကြိမ်လျှင် တန်ချိန် တစ်သိန်းခွဲ သတ်မှတ်ကာ တင်ပို့ပေးသွားမည်ဖြစ်သည်။

     ပဲတီစိမ်း တန်ချိန် ၆ သိန်း၏ ခန့်မှန်းတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၅၁၆ သန်းခန့် တန်ဖိုးရှိကြောင်းနှင့် လက်ရှိ ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာနှစ်တွင် ပဲတီစိမ်းပြည်ပတင်ပို့မှု အမေရိကန် ဒေါ်လာ ၃၅၃ သန်းကျော်ဖိုး တင်ပို့ထားကြောင်း သိရသည်။ ပဲတီစိမ်းပြည်ပတင်ပို့မှုအနေဖြင့် နယ်စပ်ကတဆင့် တင်ပို့ခြင်းထက် ရန်ကုန်မှတဆင့် သင်္ဘောဖြင့်တင်ပို့သည့် ဈေးကွက်မှာ ဈေးပိုမိုရရှိနေပြီး ဥရောပနိုင်ငံများဖြစ်သည့် နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံ စသည့်နိုင်ငံများကို တင်ပို့နေပြီး အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံများကလည်း ပဲတီစိမ်း ဝယ်လိုအားရှိနေကြောင်း သိရသည်။

      မတ်လဆန်းပိုင်းတွင် ပဲစင်းငုံပေါက်ဈေးသည် အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်သတင်းများနှင့် ပြည်တွင်း အထွက်နှုန်းကျဆင်းခြင်းကြောင့် ဆက်တိုက်မြင့်တက်လာပြီး မတ်ပဲဈေးသည် အတက်အကျအနည်းငယ် ဈေးကစားမှုရှိနေသည်။ ပို့ကုန်ပဲများ အထွက်နှုန်းကျဆင်းသကဲ့သို့ ပြည်တွင်းသုံးကုလားပဲများ ယခုနှစ် အထွက်နှုန်းကောင်းကောင်း ရရှိကြကြောင်း၊ ပဲမာလိုင်းများမှာ မြေထောက်ပဲတစ်မျိုးသာ ဈေးအကောင်းဆုံး ရရှိနေခြင်းဖြစ်ပြီး အခြားပဲမာလိုင်းများလည်း ယခင်နှစ်ကာလတူထက် ဈေးကောင်းရှိနေကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။

     ပဲတီစိမ်းဈေးကွက်မှာ မန္တလေးဈေးကွက်နှင့် ရန်ကုန်ဈေးကွက် နှစ်ခုလုံး အရောင်းအဝယ် ကောင်းပြီး ပဲတီစိမ်းအထွက်နှုန်းသည် ပုံမှန် အထွက်နှုန်းအတိုင်း ထွက်ရှိလာမည် ဖြစ်သော်လည်း ရာသီဥတုကြောင့် ယခင်နှစ်များကဲ့သို့ တပြိုင်တည်း ထွက်လာတာမျိုးမဟုတ်ဘဲ၊ ရှေ့ထွက်၊ နောက်ထွက်နှင့် ချိတ်ဆက် ထွက်ရှိနေခြင်းကြောင့် ဈေးကျဆင်းခြင်းမျိုးမရှိဘဲ ဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း  မန္တလေးပဲကုန်သည် ဦးသိန်းဇံက ပြောသည်။
https://t.me/Guid4U

https://www.foodindustrydirectory.com.mm

Category: Local News