Local News

ဆောင်းသီးနှံကြက်သွန်ဖြူ စတင်နုတ်ယူချိန်တွင် ဈေးကောင်းရရှိ

Last Updated:

      ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်းရှိ တောင်သူများသည် မြို့နယ်အတွင်းနှင့် ကျေးလက်ဒေသရှိ လယ်ယာမြေများ၌  မိုးစပါးများ ရိတ်သိမ်းပြီး ဆောင်းသီးနှံ အဖြစ် အဓိကစိုက်ပျိုးထားသည့်    ကြက်သွန်ဖြူများ စတင်နုတ်ယူချိန်တွင် ဈေးကောင်းရရှိနေကြောင်းနှင့် ကဆုန်လပြည့်နေ့တွင် ကောက်ယူမည့် ကြက်သွန်ဖြူများကိုလည်း ဈေးအရင် ပေးချေစနစ်ဖြင့် ဖောက်သည်များက စတင်ဝယ်ယူနေပြီဖြစ်ကြောင်း သိရသည်။

     မိုင်းပန်မြို့နယ်၌ ကြက်သွန်ဖြူများကို နိုဝင်ဘာလမှ စတင်စိုက်ပျိုးကြကာ ကြက်သွန်ဖြူဥ ပိုမိုကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်လာစေရန်အတွက် ရေများသွင်းပေးခြင်း၊ သဘာဝ မြေသြဇာများ ကျွေးခြင်း၊ ပိုးသတ်ဆေးများ ဖျန်းပက်ပေးခြင်းတို့ဖြင့် ပြုစုပျိုးထောင်ကာ စိုက်ပျိုးပြီးချိန် ရက် ၁၂၀ ကျော်ခန့်မှ  စတင်နုတ်ယူနေပြီဖြစ်ပြီး ဈေးကောင်းရရှိလျက်ရှိသည်။ ယခုနှစ်တွင် ကြက်သွန်ဖြူဥကြီးဈေး တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀၊ ဥသေး တစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀ ရရှိ၍ ကြက်သွန်ဖြူစိုက်ပျိုးသည့် တောင်သူများ  အဆင်ပြေလျက်ရှိသည်။

     မိုင်းပန်မြို့နယ်အတွင်း၌ ကြက်သွန်ဖြူ စိုက်ပျိုးရန် အထူးကောင်းမွန်သည့်နေရာများ၌  တစ်ဧကအထွက်နှုန်းအနေဖြင့် ပိဿာ ၂၄၀၀၊ ကောင်းမွန်သည့်နေရာများ၌ ပိဿာ ၁၇၀၀၊ အသင့်အတင့်နေရာများ၌ ပိဿာ ၁၃၀၀နှင့် ဒေသအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာ ၁၈၀၀ ရရှိကြပြီး ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်းတွင် စုစုပေါင်း၃၁၂၉ ဧက  စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

https://myawady.net.mm

Category: Local News