International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နေရောင်ခြည်စွမ်းအင်(Solar energy) အသုံးပြုခြင်းဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်သက်သာမည်ဖြစ်

Last Updated:

     ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒီဇယ်ဆီအသုံးပြုခြင်းမှ ၂၀၀၀ မဂ္ဂါဝပ်အား ထုတ်လွှတ်နိုင်သော နေရောင်ခြည်စွမ်းအင်(Solar energy)ကို အစားထိုးအသုံးပြုလိုက်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တစ်နှစ်လျှင် သဘာဝဓါတ်ငွေ့အရည်နှင့် ဒီဇယ်ဆီတင်သွင်းမှုအတွက် အမေရိကန် ဒေါ်လာ(၁)ဘီလီယံကျော်ဖိုးသက်သာစေနိုင်သည်ဟုအမေရိကန်အခြေစိုက် သုတေသနဌာန၊ National Bureau of Asian Research (NBR)မှ သုတေသီတစ်ဦးမှ  လေ့လာတွေ့ရှိခဲ့ကြောင်း Dhaka Tribune က  ၂၀၂၃ခုနှစ်၊ မတ်လ (၁၄)ရက်နေ့တွင်ရေးသားဖော်ပြထားသည်။

     “နေရောင်ခြည်စွမ်းအင်(Solar energy)ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုခြင်းသည် ယခုလက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြုံတွေ့နေရသော စွမ်းအင်အကျပ်အတည်းအတွက် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တည်ဆောက်ဖို့ အခွင့်အလမ်းဖြစ်သလို သဘာဝဓါတ်ငွေ့အရည်လိုမျိုးဈေးကြီးပြီးလောင်စာတင်သွင်းမှုကို လျှော့ချဖို့ အခွင့် အလမ်းဖြစ်ပါတယ်” ဟုလေ့လာမှုရေးသားသူ Shafiqul Alam က ပြောကြားခဲ့ကြောင်း အင်္ဂါနေ့က ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

     အိမ်ခေါင်မိုးများတွင် Solar စနစ်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကုန်ကျစရိတ်သည် လက်ရှိတွင် ကီလိုဝပ်တစ်နာရီလျှင် ၅.၂၅ တာကာဖြစ်သည့်အတွက် စက်မှုလုပ်ငန်းများတွင် နေ့ခင်းဘက် တွင် တစ်ယူနစ်လျှပ်စစ်ဓာတ်အားကုန်ကျစရိတ်ကို ၄၀ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်သည်။

       လေ့လာချက်အရစက်မှုလုပ်ငန်းများနှင့် အထူးစီးပွားရေးဇုန်များရှိခေါင်မိုးပေါ်တွင် ဆိုလာပြားများတပ်ဆင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အစားထိုးအသုံးပြုမည်ဆိုပါက ဒီဇယ်ဆီ အသုံးပြုမှုများကို လျော့ချနိုင်မည်ဟုဖော်ပြထားသည်။

     ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုနိုင်ရေး တိုးချဲ့ဆောင်ရွက်ရန် အတွက် ဘင်္ဂလားဒေ့ရှ်ဘဏ်မှ The Green Refinancing Scheme အစီအစဉ်ဖြင့် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေထုတ်ချေးပေးရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း ရေးသားဖော်ပြထားသည်။

     သို့သော်လည်းနိုင်ငံအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ရရှိနိုင်ရေးအရှိန်အဟုန်ဖြင့် ဆောင်ရွက် နိုင်ရန်အတွက်   နိုင်ငံပေါင်းစုံမှ   အေဂျင်စီများနှင့် နိုင်ငံတကာမှ မတည်ရန်ပုံငွေများ လည်း လိုအပ်ကြောင်း ရေးသားဖော်ပြထားသည်။

 

 

      ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင် (Solar energy) ကို အတိုင်းအတာတစ်ခုအထိ တိုးမြှင့်အသုံးပြုနိုင်ခြင်းဖြင့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် သက်သာမည်ဖြစ်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်ကို လည်း ဖြည့်ဆည်းပေးနိုင်ကာတည်ငြိမ်သော လျှပ်စစ်ဓာတ်အား ရရှိရေးကို အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

 

https://www.dhakatribune.com/

Source: https://commerce.gov.mm

Category: International News